အသက် ၇ နှစ်အောက် မိန်းကလေးငယ် ၄ ဦးအား အဓမ္မကျင့်သူကို ဖမ်းဆီးစစ်ဆေးနေ


ဗိုလ်တထောင်မြို့နယ် လမ်းသွယ်(၂) ရှိနေအိမ်တိုက်ခန်းတွင် ခေါ်ယူမွေး စားထားသည့် ကလေးငယ်ခုနစ်ဦးအနက် အသက် ၇ နှစ်အောက် မိန်းကလေးငယ်လေးဦးကို အဓမ္မပြုကျင့်ခဲ့သည်ဆိုသည့် အမျိုးသားအား ဖမ်းဆီးစစ်ဆေးနေကြောင်း ဗိုလ်တထောင်ရဲစခန်းမှ တာဝန်ကျရဲအရာရှိ တစ်ဦးကဇန်န၀ါရီ ၂၇ ရက်တွင် The Ladies သို့ပြောသည်။

“ပြစ်မှုကျူးလွန်သူကိုလည်း ဖမ်းဆီးပြီး စစ်ဆေးနေပါတယ်။ ကလေးတွေ ကိုတော့ ဇန်နဝါရီ ၂၆ ရက်ညနေက ရန်ကုန်ဆေးရုံကြီးမှာ ဆေးစစ် ထားပါတယ်။ ဆေးစစ်ချက်တော့ မထွက်သေးပါဘူး၊ အခုထိတော့ စစ်ဆေးနေဆဲအဆင့်မှာ ရှိပါသေးတယ်” ဟု တာဝန်ကျရဲအရာရှိ က ပြောသည်။

အဓမ္မပြုကျင့်ခံရသည့် ကလေးငယ်လေးဦးမှာ အသက် ၇ နှစ် အရွယ်တစ်ဦး၊ အသက် ၅ နှစ်အရွယ်နှစ်ဦး၊ အသက် ၃ နှစ်ခန့် အရွယ်တစ်ဦးတို့ ဖြစ်သည်။ ၎င်းတို့ကို မွေးစားထားသည့် အမျိုးသမီး၏ ယာဉ်မောင်းက အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဗိုလ်တထောင်မြို့နယ် လမ်းသွယ်(၂)ရှိ ပထမထပ် တိုက်ခန်းပိုင် ရှင် ဒေါ်ခမ်းက အသက် ၇ နှစ်မှ ၃ နှစ် အရွယ်ကြား ရှိ ယောက်ျားလေး သုံးဦးနှင့် မိန်းကလေး လေးဦးကို မွေးစားထားရာ ကလေးငယ်များ ညှင်းပန်းနှိပ်စက် ခံနေရကြောင်း ရပ်ကွက်နေသူများက တာဝန်ရှိသူများထံ သတင်းပေး တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ယင်းတိုင်ကြားမှုကို ဗိုလ်တထောင် မြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီက စုံစမ်း၍ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ကလေး ၇ ဦးကို ထိန်းသိမ်းစစ်ဆေးရာ ကလေးများ စောင့်ရှောက်နေသည့် အသက် ၆၀ ဝန်းကျင် ဒေါ်ခင်မာညိုက ကလေးများကို လက်ပြန်ကြိုး ချည်နှောင်၍ ရိုက်နှက် နှိပ်စက်ခဲ့ပြီး ယာဉ်မောင်းဖြစ်သူ အသက် ၄၃ နှစ် လှမိုး (ခ) နီတွတ်မှ အသက် ၆ နှစ်မှ ၃ နှစ်ကြားအရွယ် မိန်းကလေး လေး ဦးကို အဓမ္မပြုကျင့်ခဲ့ကြောင်း ကလေးငယ်များ၏ ထွက်ဆိုချက်အရ သိရသည်။

ယာဉ်မောင်း လှမိုး (ခ) နီတွတ်ကို ဇန်နဝါရီလ ၂၅ ရက်နေ့က မုဒိမ်းမှုဖြင့် ဗိုလ်တထောင်မြို့မ ရဲစခန်းမှ ဖမ်းဆီးထားပြီး ကလေးမွေးစား သူ ဒေါ်ခမ်းနှင့် ကလေးထိန်း ဒေါ်ခင်မာညိုတို့ကို အမှတ် (၆) လူကုန်တားမှု တားဆီးကာကွယ်ရေး အဖွဲ့က စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဇော်မင်းထွန်း
The Ladies News
https://www.facebook.com/News.TheLadies/
အသက် ၇ နှစ်အောက် မိန်းကလေးငယ် ၄ ဦးအား အဓမ္မကျင့်သူကို ဖမ်းဆီးစစ်ဆေးနေ အသက် ၇ နှစ်အောက် မိန်းကလေးငယ် ၄ ဦးအား အဓမ္မကျင့်သူကို ဖမ်းဆီးစစ်ဆေးနေ Reviewed by THITHTOOLWIN on 20:49 Rating: 5
Powered by Blogger.