မန္တလေးတွင် ၂၀၁၆ အတွင်း လူသတ်မှုနှင့် မုဒိမ်းမှု ယမန်နှစ်ထက် ပိုမိုဖြစ်ပွား


မန္တလေးမြို့တွင် ၂၀၁၆ ခုနှစ်အတွင်း လူသတ်မှုနှင့် မုဒိမ်းမှုများ ယမန်နှစ်ထက်များပြားခဲ့ပြီး အမှုကြီး(၁၀)မျိုး ဖြစ်ပွားရခြင်း၏အဓိကဖြစ်သော ကြိုတင်ကာကွယ်မှု (၁၀)မျိုးကိုလျော့နည်းပပျောက်အောင် ဆောင်ရွက် နေကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

''ဒီအမှုကြီး(၁၀)မျိုးမှာက လူသတ်၊ ဓားပြ၊ လုယက်၊ ပြန်ပေး၊ ဖောက်ထွင်း၊ တိရစ္ဆာန်ခိုး၊ မုဒိမ်း စသဖြင့်ပေါ့။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ လူသတ်မှုကနည်းပေမယ့် ယခုနှစ်မှာ များလာတယ်။ ပြီးရင် မုဒိမ်းမှုပါ။ လူသတ်မှု တခုဖြစ်တယ်ဆိုရင် များသောအားဖြင့် အရက်သေစာသောက် စားကြတယ်။ ပြီးရင်မူးပြီး ရန်ဖြစ်ကြတယ်။ အဲဒီကနေ စိတ်ကိုမထိန်းချုပ်နိုင်ဘဲနဲ့ လူကိုသတ်တဲ့အထိ ဖြစ်ခဲ့ကြတယ်။ မုဒိမ်းမှုမှာကလည်း အနေနီးလို့ ဖြစ်ကြတာတွေရှိတယ်။ ရည်စားနောက်လိုက်လို့ဖြစ်တာတွေရှိတယ်။ နောက်ပြီး မိဘတွေက မကျေနပ်လို့ တိုင်တာတွေရှိတယ်။ တချို့ကြတော့လည်း ကလေးတွေကို အဓမ္မပြုကျင့်တာတွေလည်း ရှိခဲ့တယ်။ ကျွန်တော် တို့အနေနဲ့ မုဒိမ်းမှုတွေဖြစ်ပွားမှုမရှိအောင်လို့ ဖမ်းဆီးမှုတွေပြုလုပ်သလို ပညာပေးဟောပြောမှုတွေလည်း ပြုလုပ်ပေးနေပါတယ်''ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီးစိန်ထွန်းက ပြောသည်။

အမှုကြီး(၁၀)မျိုးတွင် လူသတ်မှု၊ ဓားပြမှု၊ လုယက်မှု၊ ပြန်ပေးမှု၊ ဖောက်ထွင်းမှု၊ တိရစ္ဆာန်ခိုးမှု၊ မုဒိမ်းမှု၊ နိုင်ငံ/ ပုန်ကန်မှု၊ လက်နက်မှုနှင့် မတရာသင်း အမှုတို့ပါဝင်ပြီး ၂၀၁၆ ခုနှစ်အတွင်းက လူသတ်မှု(၄၅)မှု၊ ဓားပြမှု(၂)မှု၊ လုယက်မှု (၁၆)မှု၊ ဖောက်ထွင်းမှု(၂)မှု၊ တိရစ္ဆာန်ခိုးမှု (၂)မှုနှင့် မုဒိမ်းမှု(၃၅)မှုတို့ ဖြစ်ပွားခဲ့ကာ ၂၀၁၅ ခုနှစ်က အမှုကြီး(၁၀)မျိုးအနက် လူသတ်မှု(၂၈)မှု၊ လုယက်မှု(၁၁)မှု၊ ဖောက်ထွင်းမှု(၃)မှုနှင့် မုဒိမ်းမှု(၁၁)မှုသာဖြစ်ပွား ခဲ့သည်။

''ဒီအမှုကြီး(၁၀)မျိုး ဖြစ်ပွားမှုမရှိအောင်လို့ ရဲတပ်ဖွဲ့အနေနဲ့ ကြိုတင်ကာကွယ်မှုဖြစ်တဲ့ လက်နက်ပုန်း၊ လောင်းကစား၊ ပြည့်တန်ဆာ၊ ကျင့် ၅၄၊ ယစ်မျိုး၊ ရဲအက်၊ ခြေချုပ်၊ မူးယစ်ဆေးဝါး၊ အရေးပေါ်စီမံမှုနဲ့ ဆင်ဆာမဲ့တွေကို အတတ်နိုင်ဆုံး လျော့နည်းကင်းစင်ပပျောက်သွားအောင် ဆောင်ရွက်နေပါတယ်။ ကြိုတင် ကာကွယ်မှုမှာက အမှုကြီး(၁၀)မျိုးကို ဖြစ်ပေါ်စေနိုင်တဲ့အတွက်ကြောင့်မို့ ကြိုတင်ကာကွယ်မှုကို အရင်ဆုံးဆောင်ရွက်ရတယ်။ အမှုကြီး(၁၀)မျိုးကျတော့လည်း ကြိုတင်ကာကွယ်မှုတွေထဲကမှ လူသတ်မှုဆို တာတွေ ရှိလာနိုင်တယ်။ ဒီကိစ္စတွေက ကြိုပြီးတားလို့မရနိုင်ဘူး။ ကြိုတင်ကာကွယ်မှုကနေမှ အဓိကဖြစ်တဲ့ အမှုကြီး (၁၀)မျိုးက ဖြစ်လာတာပါ''ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အမှုကြီး(၁၀)မျိုး ဖြစ်ပွားရသည့် အဓိကအကြောင်းအရင်းများဖြစ်သော ကြိုတင်ကာကွယ်မှု (၁၀)မှုတွင် ၂၀၁၆ ခုနှစ်အတွင်း လက်နက်မှု (၁၃၀)မှု၊ လောင်းကစားမှု (၁၃၁)မှု၊ ပြည့်တန်ဆာမှု (၂၀)မှု၊ ကျင့် ၅၄ (၁၀၄၁)မှု၊ ယစ်မျိုးမှု (၁၂၇)မှု၊ ရဲအက်(၃၄၉၆)မှု၊ ခြေချုပ်မှု(၁၁) မှု၊ မူးယစ်ဆေးဝါး(၂၂၇)မှုနှင့် ဆင်ဆာမဲ့ (၃၇)မှုတို့ ဖြစ်ပွားခဲ့ပြီး ၂၀၁၅ ခုနှစ်အတွင်းကလည်း လက်နက်မှု(၁၀၉)မှု၊ လောင်းကစားမှု (၁၁၈)မှု၊ ပြည့်တန်ဆာမှု (၁၈)မှု၊ ကျင့်၅၄(၈၅၁)မှု၊ ယစ်မျိုး(၃၃၀)မှု၊ ရဲအက်(၂၉၅၂)မှု၊ ခြေချုပ် (၁၄)မှု၊ မူးယစ်ဆေးဝါးမှု(၁၅၄)မှုနှင့် ဆင်ဆာမဲ့ (၂၉)မှုတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စိုင်းထူးခန့်
News Watch
https://www.facebook.com/NewsWatchJournal/
မန္တလေးတွင် ၂၀၁၆ အတွင်း လူသတ်မှုနှင့် မုဒိမ်းမှု ယမန်နှစ်ထက် ပိုမိုဖြစ်ပွား  မန္တလေးတွင် ၂၀၁၆ အတွင်း လူသတ်မှုနှင့် မုဒိမ်းမှု ယမန်နှစ်ထက် ပိုမိုဖြစ်ပွား Reviewed by THITHTOOLWIN on 12:06 Rating: 5
Powered by Blogger.