ဟေတီ ရွေးကောက်ခံ သမ္မတ စုံစမ်းခံရ


ဟေတီနိုင်ငံမှာ စုံစမ်းစစ်ဆေးရေးဆိုင်ရာ တရားသူကြီး တဦးက ရွေးကောက်ခံ သမ္မတ ဟိုဗယ်လ်နယ်မိုးအီစ် ကို ငွေကြေး မသမာမှုတွေနဲ့ စပ်လျဉ်းပြီး ၄ နာရီ ကြာ မေးခွန်းထုတ် စစ်ဆေးခဲ့ပါတယ်။

ရှေ့လမှာ ကျမ်းသစ္စာ ကျိန်ဆိုပြီးရင် ဟေတီ သမ္မတတာဝန်ကို စတင် ထမ်းဆောင်ရတော့မယ် မိုးအီစ်ဟာ ဒီ ကြားနာ စစ်ဆေးပွဲကို ရှေ့နေ မခေါ်ဘဲ သူ့ သဘော ဆန္ဒာနဲ့သူ သွားရောက် ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။

အရင်က ပြည်ပကို ငှက်ပျော်သီး တင်ပို့တဲ့ လုပ်ငန်း လုပ်ကိုင်ခဲ့သူ မိုးအီစ်ဟာ နိုင်ငံရေးလောကကို မဝင်ခင် တရားမဝင် ငွေမည်း ခဝါချမှု၊ သူ့ကို အကျိုးပြုတဲ့ ချေးငွေတွေ လက်ခံမှုတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး စွပ်စွဲခံနေရတာပါ။

ဒီစွပ်စွဲမှုတွေဟာ ပြိုင်ဘက်တွေက သူ့ကို နာမည်ပျက်အောင် နိုင်ငံရေးအရ လုပ်ကြံတာလို့ မိုးအီစ်က ပြောပါတယ်။

၂၀၁၃ ခုနှစ်တုန်းက ဘဏ်တွေရဲ့ လုပ်ထုံးလုပ်နည်းတွေကို ပုံမှန် စစ်ဆေးမှု တခုအနေနဲ့ ဒီစုံစမ်းစစ်ဆေးမှု ဟာ စတင်ခဲ့တာပါ။

ဒီအမှုဟာ ဟေတီနိုင်ငံမှာ နိုင်ငံရေး အရ ကွဲပြားမှုတွေ ဖြစ်ပေါ်နေတာကိုလည်း ရောင်ပြန်ဟပ်နေပါတယ်။

၂၀၁၅ အောက်တိုဘာတုန်းက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မိုးအီစ် အနိုင်ရခဲ့ပေမယ့် မဲလိမ်မှုတွေ အများအပြား ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေထွက်ပေါ်လာပြီးနောက် အကြမ်းဖက် မငြိမ်မသက်မှုတွေ ဖြစ်ခဲ့တာကြောင့် ရွေးကောက်ပွဲ ရလဒ်ဟာ ပျက်ပြယ် ခဲ့ရပါတယ်။

၂၀၁၆ နိုဝင်ဘာမှာ နောက်တကြိမ် ရွေးကောက်ပွဲ ကျင်းပရာမှာလည်း မိုးအီစ် ပဲ အနိုင်ရခဲ့ပေမယ့် ရလဒ်ကို အဓိက ပြိုင်ဘက် ၃ ယောက်လုံးက လက်ခံဖို့ ငြင်းဆိုခဲ့ပြီး တရားရုံးတင် ကန့်ကွက်ခဲ့ဖူးပါတယ်။

ဖေဖော်ဝါရီ ၇ ရက်နေ့ မိုးအီစ် သမ္မတ တာဝန်မယူခင် တရားသူကြီးအနေနဲ့ အခု နောက်ဆုံး ဖြစ်ပေါ်နေတဲ့ စွပ်စွဲမှုနဲ့ စပ်လျဉ်းပြီး အဖြေတခု ဆုံးဖြတ်ချက် ချမလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဟေတီနိုင်ငံဟာ ဆယ်စုနှစ်ကာလတွေ ကြာရှည် နိုင်ငံရေး မတည်ငြိမ်မှု၊ ဆင်းရဲမွဲတေမှု ဒဏ်တွေ ခံစားခဲ့ရတဲ့ အပြင် ၂၀၁၀ ငလျင်ဘေးဒဏ်ကနေလည်း ပြန်လည် ထူထောင်နိုင်ဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
ဟေတီ ရွေးကောက်ခံ သမ္မတ စုံစမ်းခံရ  ဟေတီ ရွေးကောက်ခံ သမ္မတ စုံစမ်းခံရ Reviewed by THITHTOOLWIN on 18:14 Rating: 5
Powered by Blogger.