အိမ်အကူနှိပ်စက်မှု အမှုဖွင့်ထား


ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ရွှေကမ္ဘာအိမ်ရာမှာနေထိုင်တဲ့ ဦးအောင်မင်း၊ ဒေါ်ခင်နန်းတင့်တို့ရဲ့ နေအိမ်မှာ အိမ်အကူအလုပ်လုပ်ကိုင်ခဲ့တဲ့ အသက် ၁၀ နှစ်ခွဲအရွယ် မိန်းကလေးတစ်ဦးကို သွား ၆ ချောင်းကျိုးတဲ့အထိ နှိပ်စက်ခဲ့တယ်ဆိုပြီး အုပ်ထိန်းသူတွေက ဘုရင့်နောင်နယ်မြေရဲစခန်းမှာ အပြင်းအထန်နာကျင်စေမှု ရာဇသတ် ကြီးပုဒ်မ ၃၂၅ အပါအ၀င် ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်ထားပါတယ်။

နှိပ်စက်ခံခဲ့ရတယ်ဆိုတဲ့ နန်းမို့မို့အေးရဲ့ အဖွားဖြစ်သူက တရားလိုလုပ်ပြီး အမှုဖွင့်တိုင်တန်းထားတာကြောင့် စွပ်စွဲသူရော စွပ်စွဲခံရသူတွေကိုပါ စစ်ဆေးဆောင်ရွက်နေတယ်လို့ အမှုကိုစစ်ဆေးနေတဲ့ ဘုရင့်နောင်နယ်မြေ ရဲစခန်းက ဒုရဲအုပ် ဖုန်းကျော် က ပြောပါတယ်။

"သူ့ရဲ့အုပ်ထိန်းသူပေါ့ဗျာ၊ ဒေါ်ခင်ဝင်းဆိုတာက နန်းမို့မို့အေးရဲ့ အဖွား၊ သူကနေမှ တရားလိုလုပ်ပြီးတော့ ကျနော်တို့ စခန်းမှာ အမှုဖွင့်ထားတာခင်ဗျ၊ စွပ်စွဲသူတို့၊ စွပ်စွဲခံရသူတို့ကို ကျနော်တို့ စစ်ဆေးဆောင် ရွက်နေတဲ့ အဆင့်မှာပဲရှိသေးတယ်ဗျ၊ ကျန်တာတော့ အသေးစိတ်ထုတ်ပြန်လို့ မရသေးပါဘူး၊ တိုင်စာပါအချက်အလက်တွေ မှန်ကန်မှုရှိ၊ မရှိ ကျနော်တို့ စစ်ဆေးနေတယ်၊ ဒီကလေးမလေးတွေကို သူတို့ခံစားခဲ့ရမှုတွေကို ကျနော်တို့ မေးမြန်းစုံစမ်းနေပါတယ်"

အိမ်အကူမိန်းကလေးရဲ့ အုပ်ထိန်းသူတွေဘက်က ဇန်န၀ါရီလ ၃ ရက်နေ့က ဘုရင့်နောင် နယ်မြေရဲစခန်းမှာ လူမှုရေးအရညှိနှိုင်းပေးဖို့ လာရောက်အကူအညီတောင်းခဲ့ရာမှာ ရဲစခန်းဘက်က ဥပဒေနဲ့မညီတဲ့ အတွက် ဆောင်ရွက်မပေးနိုင်ကြောင်း ပြောခဲ့ပြီးနောက် ဇန်န၀ါရီလ ၁၇ ရက်နေ့မှာ အခုလို တရားဝင်အမှု ဖွင့်ခဲ့တာဖြစ်တယ်လို့လည်း ဒုရဲအုပ်ဖုန်းကျော်က ပြောပါတယ်။

အိမ်အကူတွေကို နှိပ်စက်ခဲ့တယ်ဆိုတဲ့ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်း၊ ရွှေကမ္ဘာအိမ်ရာက နေအိမ်ဟာ ဒုဗိုလ် မှူးကြီး(ငြိမ်း) ရဲ့ နေအိမ်ဖြစ်တယ်လို့ ပြောဆိုမှုတွေရှိနေပေမယ့် အဲဒီကိစ္စနဲ့ပတ်သက်ပြီး ရဲစခန်းဘက်ကတော့ အတည်မပြုနိုင်သေးကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဥပဒေတွေရဲ့ အားနည်းချက်ကြောင့် အသက်မပြည့်တဲ့ အိမ်အကူနဲ့ အလုပ်သမားတွေအပေါ် အလုပ်ရှင်နဲ့ အိမ်ရှင်တွေက ညှဉ်းပန်းနှိပ်စက်မှုတွေ မကြာခဏဖြစ်ပေါ်နေတယ်။

အဲဒါကြောင့် အိမ်အကူအလုပ်သမားတွေနဲ့ ပတ်သက်တဲ့ ဥပဒေတစ်ရပ် ရေးဆွဲပြဌာန်းဖို့ လိုအပ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေက ၂၀၁၆ ခုနှစ် နိုဝင်ဘာလ တုန်းက ပြည်သူ့လွှတ်တော်မှာ ပြောကြားထားပါတယ်။

RFA Burmese
http://www.rfa.org/burmese
အိမ်အကူနှိပ်စက်မှု အမှုဖွင့်ထား အိမ်အကူနှိပ်စက်မှု အမှုဖွင့်ထား Reviewed by THITHTOOLWIN on 18:22 Rating: 5
Powered by Blogger.