အကြွေစေ့ဂိမ်းဆိုင် ဖမ်းဆီးရာ ဆိုင်ရှင်တရုတ် အာမခံယူပြီးထွက်ပြေး၊ အညာသူ ၀န်ထမ်းအမျိုးသမီး ၆ ဦး ထောင်ကြီးချုပ်ဖြင့် တရားရင်ဆိုင်နေရရှာ


ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းအပေါ်ဘလောက် ဘူတာကြီးခုံးကျော်တံတားအတက်အနီးရှိ Top Speed ဂိမ်းဆိုင်အား ဖမ်းဆီးခဲ့ရာ ပိုင်ရှင်တရုတ်လူမျိုးတဦးနှင့် မန်နေဂျာအမျိုးသမီးတဦးသည် အာမခံရယူပြီး အပြီးအတိုင်ထွက်ပြေးသွားခဲ့ပြီး ၀န်ထမ်း မြန်မာအမျိုးသမီး ၆ ဦးမှာ အင်းစိန်အကျဉ်းထောင်၌ ထောင်ကြီးချုပ်ဖြင့် အမှုရင်ဆိုင်နေရသည်ဟု စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ ၂၀၁၆ မေ ၂၅ ရက်က Top Speed ဂိမ်းဆိုင်အား သက်ဆိုင်ရာက ၀င်ရောက်ဖမ်းဆီးရာ ဂိမ်းဆိုင်ပိုင်ရှင် တရုတ်နိုင်ငံသားတဦး၊ မန်နေဂျာအပြင် ဆိုင်တွင်တာဝန်ထမ်းဆောင်နေသည့် (အစေ့ရောင်းချပေးသည့်) မြန်မာအမျိုးသမီး(၈)ဦးနှင့် ဆိုင်တွင်လာရောက်ကစားသူ (၈)ဦး ဖမ်းဆီးခံရသည်ဟု အဖမ်းခံရသူတဦးက News Watch ဂျာနယ်သို့ ပြောသည်။

ယင်းကဲ့သို့ ဖမ်းဆီးခံရပြီး ဆိုင်ရှင်တရုတ်နိုင်ငံသားနှင့် မန်နေဂျာတာဝန်ထမ်းဆောင်နေသူနှစ်ဦးက အာမခံလျှောက်ထားရာ မြို့နယ်တရားရုံးမှ နိုင်ငံခြားသားဖြစ် နေသည့်အတွက် အာမခံမပေးခဲ့ဘဲနေသည်ဟု ဆိုသည်။ ယင်းကြောင့် ဆိုင်ရှင် တရုတ်နိုင်ငံသားနှင့် မန်နေဂျာတို့က ခရိုင်အဆင့်သို့တက်၍ အာမခံလျှောက်တင်ရာခရိုင်မှ ၎င်းတို့နှစ်ဦးအား အာမခံပေးခဲ့သည်ဟု ဆိုသည်။

ယင်းအကြွေစေ့ဂိမ်းဆိုင်သို့ လာရောက်အလုပ်လုပ်ကိုင်သည့် အမျိုးသမီးအများစုသည် ကျေးလက်ဒေသမှ ရန်ကုန်မြို့သို့ လာရောက်ပြီး နေရာထိုင်ခင်းပေးသည့် အလုပ်တခုဖြစ်ခြင်းကြောင့် ၀င်ရောက်လုပ်ကိုင်ကြသူ များဖြစ်သည်ဟု သိရသည်။
''နယ်ကနေတက်လာတဲ့ ကလေးမလေးတွေက ဒီဆိုင်ကိုဝင်လုပ်တာ ရန်ကုန်မှာ ကျောတနေရာစာ အလွန်ခက်တယ်။ လယ်ယာလုပ်ငန်း အဆင်မပြေကြလို့ လာကြတာ ဒီဆိုင်တွေက တရားဝင်သလား မ၀င်ဘူးလား မသိဘူး''ဟု အဖမ်းဆီးခံနေရသည့် မိသားစုဝင်တဦးက ပြောသည်။

ယင်း Top Speed အကြွေစေ့ဂိမ်းဆိုင်သည် ပန်းဆိုးတန်းခုံးကျော်တံတားအတက်တွင် အလျား ၁၂ ပေခန့် အနံ ၂ ပေခွဲခန့် ဆိုင်းဘုတ်ကြီးဟီးနေအောင် ကြော်ငြာ၍ အကြွေစေ့ကစားခြင်းလုပ်ကိုင်နေရာ သာမန်ကျေးလက်မှ လာရောက်သူများအတွက် တရားဝင်သည်၊ မ၀င်သည်ကို မခွဲခြားနိုင်ကြောင်းနှင့် ယခုကဲ့သို့ မြို့လယ် ကောင်တွင် ကြီးမားသည့်ဆိုင်းဘုတ်တင်၍ လုပ်ကိုင်နေသည့်ဆိုင်အား တရားမ၀င်မှန်း မသိနိုင်ဟု မြို့လယ်ကောင်က အမှုရင်ဆိုင်နေသူတဦးက ဆိုသည်။

လက်ရှိ ရန်ကုန်မြို့တွင်လည်း Top Speed ကဲ့သို့ဆိုင်များတွင် အများအပြားရှိနေခဲ့ပြီး ယင်းကဲ့သို့ ဂိမ်းဆိုင်များရှိသင့် မရှိသင့်ကိုမူ တာဝန်ရှိသူများ စနစ်တကျလေ့လာသင့်သည်ဟု ရှေ့နေတဦးက ပြောသည်။
''ဒီဂိမ်းစက်တွေရှိသင့်သလား၊ ဒါမျိုး နိုင်ငံခြားမှာရော ရှိသလား။ ဒီဂိမ်းကစားသူတွေက မူးယစ်ဆေးသုံးသူတွေလို ဖြစ်သလား၊ ဘယ်လိုလူတွေလာကစားလဲ၊ ကစားသူတွေဟာ ဒီဟာကစားလို့ ပစ္စည်း တွေလစ်ရင်လစ်သလို ခိုးယူတတ်တဲ့လူ တွေဖြစ်သွားသလား။ ဂိမ်းဆိုင်တွေကို ဖွင့်ခွင့်ပေးတာကတဖွဲ့ဖြစ်ပြီး ဖမ်းတာကတဖွဲ့ ဖြစ်နေတယ်။ ပြီးတော့ ဒီစက်တွေဟာ နိုင်ငံခြားကသွင်းလာတယ်။ ပြီးတော့ ဖမ်းတဲ့အဖွဲ့က ဖမ်းတယ်။ ဥပဒေဆိုတာ အများ ပြည်သူလိုက်နာအောင် ပညာပေးကာလဆိုတာ ရှိရတယ်။ တကယ်တမ်းခံရတာက မြန်မာအမျိုးသမီးလေးတွေ ပြည်ပက လူကျတော့လွတ်သွားပြီဆိုတာ နစ်နာတယ်'' ဟု အထက်ပါရှေ့နေက ပြောသည်။

အဆိုပါဆိုင်အတွင်းသို့ ၀င်ရောက်ခဲ့သူတဦးက ''ဘုရားစူး တရားမ၀င်မှန်းမသိပါဘူးဗျာ။ ကိုယ့်ဆိုင်လေး သိမ်းပြီးတာနဲ့ အဲဒီဆိုင် ခဏသွားရင်သွားတယ်။ တခါတလေ ကစားတယ်။ ဆိုင်က အဲယားကွန်းလည်း ဖွင့်ထားတော့ တချို့တွေလည်း လာကြတာပေါ့။ တချို့လည်း ကစားကြတာပေါ့။ ခုဖမ်းတော့ ဖဲဝိုင်းလိုပုဒ်မမျိုးနဲ့ ဗျာ။ စီးပွားရှာတာကတရုတ် ဖမ်းခံရတော့ မြန်မာအမျိုးသမီးလေးတွေ ခု(၇)လကျော်ပြီ။ ကလေးမလေးတွေဆို ထောင်ထဲက ရင်ဆိုင်နေရတာ သနားပါတယ်''ဟု လက်ရှိ အမှုရင်ဆိုင်နေရသူတဦးက ပြော သည်။

အဖမ်းခံရသူများထဲတွင် ဂိမ်းဆိုင် ပိုင်ရှင်တဦး၊ မန်နေဂျာအမျိုးသမီးတဦး နှင့် ဆိုင်ဝန်ထမ်းအမျိုးသမီးရှစ်ဦး အဖမ်းခံခဲ့ရပြီး ဆိုင်ရှင်နှင့် မန်နေဂျာထွက်ပြေးသွားသည့်အပြင် အမျိုးသမီးရှစ်ဦးအနက် နှစ်ဦးလည်း ထွက်ပြေးသွား၍ လက်ရှိ ခြောက်ဦး အင်းစိန်ထောင်ကြီးချုပ်ဖြင့် ရင်ဆိုင်နေရသည်ဟု သိရသည်။ ယင်း အပြင် ဂိမ်းဆိုင်သို့ လာရောက်ကစားသူရှစ်ဦး အဖမ်းခံခဲ့ရပြီး တဦးထွက်ပြေးလွတ် မြောက်သွားသဖြင့် ခုနစ်ဦး စုစုပေါင်း ၁၃ ဦး (၇)လကြာ အမှုရင်ဆိုင်နေရသည်ဟု သိရသည်။ ၂၀၁၇ ဇန်န၀ါရီ ၂ ရက် ရုံးချိန်း၌ တရားခံရှေ့နေရုံးချိန်းမလာသဖြင့် အမှုအား ဇန်န၀ါရီ ၁၀ ရက်သို့ ကျောက်တံတားမြို့နယ် တရားရုံးမှ ထပ်မံချိန်းဆိုလိုက်သည်ဟု သိရသည်။ ၎င်းတို့အားလုံးသည် ပုဒ်မ ၁၃ (ဃ)၊ ၁၄ (ဃ)ဖြင့် ကျောက် တံတားမြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်လျက်ရှိသည်။

ကိုခက်
News Watch
https://www.facebook.com/NewsWatchJournal/
အကြွေစေ့ဂိမ်းဆိုင် ဖမ်းဆီးရာ ဆိုင်ရှင်တရုတ် အာမခံယူပြီးထွက်ပြေး၊ အညာသူ ၀န်ထမ်းအမျိုးသမီး ၆ ဦး ထောင်ကြီးချုပ်ဖြင့် တရားရင်ဆိုင်နေရရှာ  အကြွေစေ့ဂိမ်းဆိုင် ဖမ်းဆီးရာ ဆိုင်ရှင်တရုတ် အာမခံယူပြီးထွက်ပြေး၊ အညာသူ ၀န်ထမ်းအမျိုးသမီး ၆ ဦး ထောင်ကြီးချုပ်ဖြင့် တရားရင်ဆိုင်နေရရှာ Reviewed by THITHTOOLWIN on 10:42 Rating: 5
Powered by Blogger.