ငပလီမြို့တွင် ကျောက်မီးသွေးသုံးကြက်စာစက်ရုံမှ အနံ့ဆိုးထွက်၍ စက်ရုံပိတ်သိမ်းပေးရန် ဒေသခံများတောင်းဆို
နိရဉ္စရာ၊ ဇန်န၀ါရီ ၁၈
သံတွဲ၊ ငပလီမြို့၊ မြင်ပြင်ရပ်ကွက်နှင့် ဂျိတ္တောရပ်ကွက်ကြားတွင်တည်ရှိသော တရုတ်လူမျိုးပိုင် ကျောက်မီးသွေးသုံး ကြက်စာစက်ရုံမှ အနံ့ဆိုးထွက်၍ ကျန်းမာရေးထိခိုက်လာနေသောကြောင့် စက်ရုံပိတ်သိမ်းပေးရန် ဒေသခံများမှ တောင်းလိုက်ကြောင်းသတင်းရရှိသည်။
ကျောက်မီးသွေးသုံးကြက်စာစက်ရုံမှ အနံ့ဆိုးထွက်၍ ဇန်န၀ါရီလ(၁၅)ရက်နေ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဒေသခံများ အစည်းအဝေးပြုလုပ်ပြီး စက်ရုံ ပိတ်သိမ်းပေးရန် တောင်းဆိုလိုက်ခြင်းဖြစ်ကြောင်းသိရသည်။
ဒေသခံတစ်ဦးဖြစ်သူ ဦးမင်းမင်းလတ်က‘‘စက်လည်ပြီဆိုတာနဲ့ မြပြင်နဲ့ ဂျိတ္တောတစ်ဝိုက်က လူတွေနေလို့မရအောင် နံတယ်။ တစ်ချို့ဆိုရင် ခေါင်းမူးပြီးလဲတဲ့ လူတွေရှိတယ်။ ဒီလိုအနံ့မျိုး တစ်ခါမှ မကြုံဖူးဘူး။ ဒီမှာ နေလာတာ ကြာပြီ။ ဟိုတယ်တွေကအစ အနံ့ထွက်လို့နေလို့မရဘူး။ ကျနော်တို့ မြို့နယ်နဲ့ ခရိုင်ကို စက်ရုံ ပိတ်သိမ်း ပေးဖို့ စာတင်ထား ပါတယ်။ အခု လောလောဆယ်တော့ စက်မလည်ဘဲ ရပ်တန့်ထားတာတွေ့ပါတယ်။ ကျနော်တို့ ရပ်ကွက်ကလူတွေနဲ့ ဟိုတယ်ကလူတွေ လက်မှတ်တွေလည်း ကောက်ခံနေပါတယ်’’ဟုပြောသည်။
အနံ့ထွက်သည့်အပြင် စက်ရုံမှထွက်လာသောစွန့်ပစ်ရေဆိုးသည်လည်း ပင်လယ်ပြင်ကို တိုက်ရိုက် စီးဆင်းနေ၍ ပင်လယ်ကမ်းခြေပျက်စီးမှုနှင့် ပင်လယ်သတ္တ၀ါများသေဆုံးနိုင်သည့် အန္တရာယ်ရှိလာနိုင်ကြောင်း ဒေသခံများက ပြောသည်။
ကြက်စာစက်ရုံမှ စက်ရုံတာဝန်ခံ ဦးဝင်းသိန်းက ‘‘ ကန့်ကွက်တာမဟုတ်ပါဘူး။ ကျနော်တို့ စက်ရုံကို ပြည်နယ် ၀န်ကြီးချုပ် ခရီးစဉ်တုန်းကလည်း လာစစ်သွားပါတယ်။ ကျနော်တို့မှာ အဓိက ရေအားနည်းချက်ကြောင့်ဖြစ်တာပါ။ အနံ့ ထိန်းချုပ်တဲ့ စက်ပိုင်းဆိုင်ရာကိုလည်း တပ်ဆင်ပြီးသွားပါပြီ။ အဲဒါကိုသူတို့တောင်းဆိုတာပါ။ အဲဒါတွေကို ပြင်ဆင်ပြီးသွားပြီးဆိုတာကို ပြည်နယ်ဝန်ကြီးချုပ်နဲ့ ခရိုင်၊ မြို့နယ်တို့ကိုလည်း စတင်ပြီးပါပြီ။ အနံ့ကိုလည်း ထိန်းချုပ်လို့ ရသွားပါပြီ။ ရေပိုက်လိုင်းလည်း (၂၄)နာရီအသုံးပြုလို့ရသွားပြီ။ အားလုံးအဆင်ပြေသွားပါပြီ’’ဟု ပြောသည်။
ထိုစက်ရုံသည် ၂၀၁၆ခုနှစ်တွင် စတင်လည်ပတ်ခဲ့ပြီး ယခင်က ဇီးမှုကြိတ်စက်ရုံအဖြစ်မှတ်ပုံတင်ခဲ့ရာမှ နောက်ပိုင်းတွင် ငါးမှုန့်ကြိတ်ပြီး ကြက်စာ စက်ရုံအဖြစ်ပြောင်းလဲခဲ့ကြောင်း ဒေသခံတွေကပြောသည်။
(ဓာတ်ပုံ- ငပလီသတင်းရပ်ဝန်းစာမျက်နှာ)
ကျော်ဝင်း၊ ကျောက်ဖြူ
Narinjara
https://www.facebook.com/Narinjara
ငပလီမြို့တွင် ကျောက်မီးသွေးသုံးကြက်စာစက်ရုံမှ အနံ့ဆိုးထွက်၍ စက်ရုံပိတ်သိမ်းပေးရန် ဒေသခံများတောင်းဆို
Reviewed by THITHTOOLWIN
on
19:54
Rating:
