ယာဉ်တိုက်မှုဖြစ်ပွားခဲ့တဲ့ ဧရာဝတီတိုင်း ၀န်ကြီးချုပ် ဦးမန်းဂျော်နီရဲ့ ကျန်းမာရေး အခြေအနေ ဘယ်လိုရှိလဲ


(ပုသိမ်) ဇန်န၀ါရီ ၇ ရက်၊

နေပြည်တော်ကို အစည်းအဝေး တက်ဖို့ အသွား ညောင်တုန်းမြို့နယ် ညောင်စောက်ကျေးရွာအနီးမှာ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတဲ့ ဧရာဝတီတိုင်းအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမန်းဂျော်နီရဲ့ ကျန်းမာရေးအခြေအနေဟာ စိုးရိမ်ဖွယ်ရာ မရှိဘူးလို့ ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့က ပြောပါတယ်။

"ယာဉ်တိုက်မှုအရှိန်ကြောင် ခေါင်းမှာအနည်းငယ် ဒဏ်ရာရတယ်။ ခေါင်းတော့ မပေါက်ပါဘူး။ လက်ကကျတော့ ယခင်တုန်းက ဘောလုံးကန်တုန်းက လက်ကျိုးထားဖူးတော့ အဲဒီ ဒဏ်ရာဟောင်းကို ပြန်ထိသွားတယ်ထင်တယ်။ လက်လှုပ်မရ ဖြစ်နေလို့ ဆရာဝန်တွေက ဓာတ်မှန်ရိုက်ပြီး စစ်ဆေးပေးနေတယ်။ ယာဉ်တိုက်မှုဖြစ်တုန်းက သတိလစ်သွားပေမယ့် အခုတော့ တောက်လျှောက်သတိရနေပါပြီ။ စိုးရိမ်စရာ မရှိပါဘူး"လို့ ဧရာဝတီတိုင်း အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။


ရန်ကုန် - ဇလွန်ပြေးဆွဲတဲ့ ရွှေတော်ဝင်ယာဉ်လိုင်းက ဘတ်စ်ကားဟာ အငှားယာဉ် Taxi ရဲ့ နောက်ပိုင်းကို ၀င်ဆောင့်တဲ့အတွက် တက္ကစီကားက အရှိန်မထိမ်းနိုင်ဘဲ ၀န်ကြီးချုပ်ကားကို မျက်နှာချင်းဆိုင်အနေအထားနဲ့ ၀င်တိုက်မိခဲ့ရာကနေ ၀န်ကြီးချုပ် ဦးမန်းဂျော်နီရဲ့ လက်နဲ့ ဦးခေါင်း ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။


ဝန်ကြီးချုပ် စီးလာတဲ့ကားပေါါ်မှာ လူ ၃ ဦး လိုက်ပါလာပေမယ့် ၀န်ကြီးချုပ် ဦးမန်းဂျော်နီတဦးပဲ ထိခိုက်ဒဏ်ရာ ရခဲ့တာ ဖြစ်ပါတယ်။ ရွှေတော်ဝင် ဘတ်စ်ကားမောင်းသူ ကားသမားကတော့ ယာဉ်တိုက်မှုဖြစ်ပြီးတဲ့နောက် ကားကိုထားပြီး ထွက်ပြေးသွားတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းမိနိုင်ရေး ကြိုးပမ်းနေကြောင်း သိရပါတယ်။

ရန်ကုန်ဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့ ဦးမန်းဂျော်နီကျန်းမာရေး အခြေအနေ ကောင်းမွန်နေပြီး တပတ်ခန့်အနားယူပြီးနောက် ပြန်ကောင်းသွားမယ်လို့ ဆရာဝန်တွေက ပြောဆိုပါတယ်။

ဓာတ်ပုံ - Citizen Journalist From Facebook
Ayeyarwaddy Times
https://www.facebook.com/ayetimes
ယာဉ်တိုက်မှုဖြစ်ပွားခဲ့တဲ့ ဧရာဝတီတိုင်း ၀န်ကြီးချုပ် ဦးမန်းဂျော်နီရဲ့ ကျန်းမာရေး အခြေအနေ ဘယ်လိုရှိလဲ  ယာဉ်တိုက်မှုဖြစ်ပွားခဲ့တဲ့ ဧရာဝတီတိုင်း ၀န်ကြီးချုပ် ဦးမန်းဂျော်နီရဲ့ ကျန်းမာရေး အခြေအနေ ဘယ်လိုရှိလဲ Reviewed by THITHTOOLWIN on 08:22 Rating: 5
Powered by Blogger.