မှတ်ပုံ တင်ထားခြင်း မရှိဘဲ ပြေးဆွဲ နေသော မော်တော်ယာဉ် များကို တရားမဝင် ယာဉ်အဖြစ် သတ်မှတ် အရေးယူ သွားမည်


ရန်ကုန် ဇန်နဝါရီ ၈

ရန်ကုန်တိုင်း ဒေသကြီး အတွင်း အများပိုင် သယ်ယူပို့ဆောင်ရေး စနစ်သစ်ဖြင့် ယာဉ်လိုင်းများကို မကြာမီ ပြေးဆွဲတော့မည် ဖြစ်ရာ ထိုသို့ ပြေးဆွဲရာတွင် မှတ်ပုံတင်ထားခြင်း မရှိဘဲ ပြေးဆွဲသော မော်တော်ယာဉ် များကို တရားမဝင်ယာဉ် အဖြစ် သတ်မှတ်ကာ အရေးယူသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော် ထံမှ သိရသည်။

လက်ရှိတွင် ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့တွင် မှတ်ပုံ တင်ထားသည့် ကုမ္ပဏီပေါင်း ၂ဝ ခန့် ရှိကြောင်း၊ အဆိုပါ စနစ်သစ် ယာဉ်လိုင်း ပြေးဆွဲမှုတွင် ပါဝင်လိုသည့် ယာဉ်လိုင်းများမှာ ဇန်နဝါရီ ၁ဝ ရက် နောက်ဆုံးထားပြီး တောင်ဥက္ကလာပမြို့နယ် ဗြဟ္မစိုရ်လမ်းရှိ ရန်ကုန် အရှေ့ပိုင်းခရိုင် စုပေါင်းရုံး၌ လာရောက် မှတ်ပုံတင်နိုင်ပြီး ထိုသို့ မှတ်ပုံတင်ရာတွင် ယာဉ်အမျိုးအစား၊ ယာဉ်အခြေအနေ အလိုက် လက်ခံ ပေးသွားမည် ဖြစ်သော်လည်း ၁၉၉၅ အောက် မော်ဒယ် ဖြစ်သည့် စီးတီးဘတ်စ်၊ မီနီဘတ်စ်၊ ဘီအမ်ကားနှင့် ဒိုင်နာကားတို့ကို ဆက်လက် ပြေးဆွဲခွင့် ပြုတော့မည် မဟုတ်ကြောင်း သိရသည်။
 ''အရင်ကလည်း မှတ်ပုံမတင်ဘဲ ပြေးဆွဲနေတဲ့ ကားတွေက အောက်ဆိုက်ကား၊ ကြားကားတွေသာ ဖြစ်ပါတယ်။ ဒါတွေက တရား မဝင်ပါဘူး။ အခုလည်း မှတ်ပုံ မတင်ဘဲ ပြေးဆွဲနေတဲ့ ကားတွေဆိုရင် တရားမဝင် ယာဉ်အဖြစ် သတ်မှတ်ပြီး အရေးယူပါမယ်'' ဟု လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

မြ၀တီ
https://www.facebook.com/mwdmedia/
မှတ်ပုံ တင်ထားခြင်း မရှိဘဲ ပြေးဆွဲ နေသော မော်တော်ယာဉ် များကို တရားမဝင် ယာဉ်အဖြစ် သတ်မှတ် အရေးယူ သွားမည်  မှတ်ပုံ တင်ထားခြင်း မရှိဘဲ ပြေးဆွဲ နေသော မော်တော်ယာဉ် များကို တရားမဝင် ယာဉ်အဖြစ် သတ်မှတ် အရေးယူ သွားမည် Reviewed by THITHTOOLWIN on 09:06 Rating: 5
Powered by Blogger.