တာချီလိတ်တွင် မူးယစ်ဆေးဝါးရှာဖွေစဉ် ထွက်ပြေးသူအား ကာကင်းမှ သေနတ်ဖြင့် ပစ်ခတ်ရာ လိုက်လံဖမ်းဆီးသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ထိမှန်၍ သေဆုံးမှု ဖြစ်ပွား
(တာချီလိတ်၊ ဇန်န၀ါရီ ၁၉)
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းဟဲကျေးရွာအုပ်စု၊ မယ်အို့ရွာတွင် သတင်းအရ ပူးပေါင်းအဖွဲ့ဖြင့် မိုင်းဆတ်-တာချီလိတ် ကားလမ်းပေါ်တွင် သွားလာနေသည့် ယာဉ်များအား ရှာဖွေစစ်ဆေးနေချိန် ပြန်လှည့် မောင်းပြေးသည့် ဆိုင်ကယ်တစ်စီးအား လိုက်လံဖမ်းဆီးစဉ် ကာကင်းက သေနတ်ဖြင့် ပစ်ခတ်သည့် ကျည်ဆံ ထိမှန်၍ ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ မဟာမြတ်မုနိကျောင်းမှာ သဂြိုလ်ဖို့ပြင်ထားပါတယ်၊ ဇန်န၀ါရီ ၂၀ ရက်နေ့မှာ အသုဘချပါ့မယ်၊ သူ့တပ်ဖွဲ့က ရဲမှူးက ပြောင်းလာတာ မကြာသေးဘူး၊ သူ့တပ်ဖွဲ့ဝင်နဲ့ မိသားစုအတွက် အတော်စိတ်မကောင်းဖြစ်နေတယ်” ဟု တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးက ပြောကြားသည်။
ဖြစ်စဉ်မှာ သတင်းအရ မူယစ်တပ်ဖွဲ့စု(၃၀)မှ ရဲတပ်ဖွဲ့ဝင်များနှင့် တာချီလိတ်စစ်ဗျူဟာမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်န၀ါရီလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် မိုင်းဟဲကျေးရွာအုပ်စု၊ မယ်အို့ရွာအနီး၊ ကျောက်လှိုဏ်ဂူ တပ်စခန်းရှေ့၊ မိုင်းဆတ်-တာချီလိတ် ကားလမ်းပေါ်တွင် မူးယစ်ဆးဝါးသယ်ဆောင်လေ့ရှိကြောင်း သတင်းအရ မင်္သကာဖွယ်ယာဉ်များအား ရှာဖွေရေးပြုလုပ်နေစဉ် မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ မောင်းနှင်လာသည့် ဆိုင်ကယ်တစ်စီးကို ရှာဖွေနေသည့်နေရာသို့ မရောက်မီ ကိုက်(၅၀)ခန့်အကွာတွင် နောက်ပြန်လှည့်မောင်းပြေးခဲ့သောကြောင့် ဆိုင်ကယ်နောက်ခုံမှ စီးနင်းလိုက်ပါလာသည့် အမျိုးသမီးတစ်ဦး ပြုတ်ကျကျန်ခဲ့ကြောင်း၊ အဆိုပါ ယာဉ်မောင်းအား တားဆီးရန် မူးယစ်တပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီး မျိုးဇော်အောင်က လိုက်လံဖမ်းဆီးနေစဉ် ပိတ်ဆို့ရှာဖွေနေသည့်နေရာ၏ ကာကင်းတာဝန်ကို ထမ်းဆောင်လျှက်ရှိသော ဗျူဟာမှ တပ်သားအချို့၏ ပစ်ခတ်လိုက်သည့် ကျည်ဆံတစ်ချက် ထိမှန်ကာ တာချီလိတ်ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆိုင်ကယ်မောင်းနှင်ပြေးသူမှာ မိုင်းဟဲကျေးရွာ၊ မယ်အို့ကျေးရွာနေသူ ဆေတ(၃၀)နှစ် ဆိုသူဖြစ်ပြီး ဆိုင်ကယ်ပေါ်မှ ပြုတ်ကျကျန်ရစ်သူမှာ ၄င်း၏ ဇနီးဖြစ်သူ မနာစီတာ(၁၈)နှစ် ဖြစ်ကြောင်း သိရသည်။
ကာကင်းတာဝန် ထမ်းဆောင်စဉ် သေနတ်ဖြင့် ပစ်ခတ်သူများမှာ တာချီလိတ်ဗျူဟာမှ တပ်သား ၂ ဦး ဖြစ်ပြီး ၄င်းတို့အား တာချီလိတ်မြို့မရဲစခန်းမှ (ပ)၁၈/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄ ဖြင့် အမှုဖွင့်လှစ်၍ ဖြစ်စဉ်အမှန် ပေါ်ပေါက်ရေးအတွက် တာဝန်ရှိသူများမှ စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့၍ စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
စိုင်းသိင်္ခသူ
Kanbawza Tai News Journal
https://www.facebook.com/kanbawzatai
တာချီလိတ်တွင် မူးယစ်ဆေးဝါးရှာဖွေစဉ် ထွက်ပြေးသူအား ကာကင်းမှ သေနတ်ဖြင့် ပစ်ခတ်ရာ လိုက်လံဖမ်းဆီးသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ထိမှန်၍ သေဆုံးမှု ဖြစ်ပွား
Reviewed by THITHTOOLWIN
on
17:17
Rating:
