တရုတ် နှစ်သစ်ကူး အခါသမယတွင် အားလုံး ညီညွှတ်စွာဖြင့် ပူးပေါင်းပါဝင် ပျော်ရွှင်ကြရန် ဖိတ်ခေါ်


ရန်ကုန် ၊ ဇန်န၀ါရီ ၂၈ ရက်(ဆင်ဟွာ)

တရုတ် နှစ်သစ်ကူး အခါသမယတွင် မြန်မာနိုင်ငံအတွင်းရှိ တရုတ်တိုင်းရင်းသား အားလုံး အပြင် မြန်မာနိုင်ငံ သူ/သား အားလုံး တစ်ညီတစ်ညွှတ်ထဲ ပူးပေါင်း ပါဝင်ပြီး ပျော်ရွှင်ကြစေရန် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယနေ့ ဇန်န၀ါရီ ၂၈ ရက်တွင် ရန်ကုန်မြို့ ၌ ပြုလုပ်သော သိုက်မြိုက်ဝေဆာ တရုတ် နှစ်သစ် မင်္ဂလာ တရုတ်နှစ်သစ်ကူးပွဲတော် ဖွင့်ပွဲ အခမ်းအနားတွင် နှစ်သစ် မင်္ဂလာ နှုတ်ခွန်းဆက် စကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

နှစ်သစ်ကို မင်္ဂလာ ရှိစွာ ကြိုဆိုနိုင်ကြရန် လိုအပ်ကြောင်း ၊ မြန်မာနှစ်သစ်ကူး ပွဲတော်ကို အားလုံး ပျော်ရွှင်စွာ ဖြတ်သန်း သကဲ့သို့  အခြား တိုင်းရင်းသားများ အားလုံး၏ ယဉ်ကျေးမှု ဓလေ့ထုံးစံကို ညီညွှတ်စွာ ဖြင့် ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြရမည် ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံဖွား တရုတ်လူမျိုးများ၏ ယဉ်ကျေးမှု ဓလေ့ ထုံးစံ များကို အသိအမှတ် ပြုကြရမည် ဖြစ်ကြောင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ အတွင်း၌ တရုတ်တိုင်းရင်းသားများ အားလုံး ညီညီညွှတ်ညွှတ်ဖြင့် မြန်မာ နိုင်ငံသူ/သား အဖြစ် မြန်မာနိုင်ငံကြီး ဖွံ့ ဖြိုး တိုးတက်ရေး အတွက် တစ်ထောင့် တစ်နေရာမှ အင်တိုက်အားတိုက် ပါဝင်ကူညီကြရန် ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိုက်တွန်း ပြောကြားခဲ့သည်။

“သိုက်မြိုက်ဝေဆာ တရုတ် နှစ်သစ်မင်္ဂလာ”တရုတ်နှစ်သစ်ကူး ပွဲတော် ဖွင့်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က တရုတ်-မြန်မာ ဆက်ဆံရေးသည် ရွှေကြက်ဖသဖွယ် ခေါင်းမော့ ရင်ကော့ကာ ရဲ့ဝင့်စွာဖြင့် ရှေ့ဆက် သွားနိုင်ပြီး နှစ်နိုင်ငံ ပြည်သူလူထု တို့ကို ပိုမို များပြားသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်ရန် မျှော်လင့်ကြောင်း ၊ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည့်ရေး အဆက်မပြတ် တည်မြဲတိုးတက်စေရန် ၄င်းက ဆန္ဒပြု ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ နှင့် မြန်မာနိုင်ငံ အတွင်းရှိ တရုတ်လူမျိုး အဖွဲ့ အစည်းများ ပူးပေါင်း၍ ခမ်းနားစွာဖြင့် လှပပျော်ရွှင်သည့် တရုတ်တန်း နှစ်ကူး ကြိုဆိုပွဲတော်ကို ကျင်းပနိုင်ခြင်းသည် သမိုင်းကြောင်း တစ်လျှောက် ပထမဆုံး ဖြစ်ပြီး စတင်ခြင်း တစ်ခုလည်း ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ထည့်သွင်း ပြောကြားခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် နာယက ဦးတင်ဦးက တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး အစဉ်အလာ သမိုင်းကြောင်းများအား ရှင်းလင်း ပြောကြားပြီး ရှေ့ ဆက်၍ အစဉ်အလာကောင်းများ ထိန်းသိမ်းခြင်းဖြင့် နိုင်ငံ ကြီးပွား တိုးတက်သွားနိုင်မည် ဆိုသည်ကို ယခုပွဲကို ကြည့်ခြင်းအားဖြင့် လေ့လာသိရှိနိုင်ကြောင်း ၊ တရုတ်-မြန်မာ ချစ်ကြည်ရေး ဆက်လက် အဓွန့် ကြာရှည်ပါစေကြောင်း နှစ်သစ် မင်္ဂလာ နှုတ်ခွန်းဆက် စကား ပြောကြားခဲ့သည်။

ရန်ကုန်မြို့ ၌ တရုတ်ရိုးရာ ယဉ်ကျေးမှု ပုံစံဖြင့် ကျင်းပသော တရုတ် နှစ်သစ်ကူးပွဲတော်မှာ ရန်ကုန်မြို့ရှိ တရုတ် လူမျိုးတို့၏ နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံး ကျင်းပခွင့် ရရှိခဲ့သည့် ပွဲတော်ကြီး ဖြစ်ကြောင်း မြန်မာနိုင်ငံ တရုတ်ကုန်သည်များ အသင်း ဥက္ကဋ္ဌ ဦးမြင့်ရွှေက ပြောကြားခဲ့သည်။
ယခုကဲ့သို့ ပွဲတော် ကျင်းပခြင်းသည် မြန်မာနိုင်ငံရှိ တရုတ်လူမျိုးအသိုင်းအဝိုင်းတို့၏ တရုတ်ရိုးရာ ယဉ်ကျေးမှု ပျံ့ပွားရေး နှင့် တရုတ် အသိုင်းအဝိုင်း တို့မှ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အပေါ် ယုံကြည်မှု တို့ကို ပေါ်လွှင် စေသည့် အပြင် မြန်မာနိုင်ငံဖွား တရုတ် လူမျိုးအသိုင်းအဝိုင်းတို့မှ မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည် ပူးပေါင်း ဆက်ဆံရေး နက်ရှိုင်းစွာ ဖွံ့ဖြိုးတိုးတက်ရေး အပေါ် ထားရှိသည့် မျှော်မှန်းချက် နှင့် ပေးဆပ်မှု တို့ကိုလည်း ထင်ရှားစေကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

“သိုက်မြိုက်ဝေဆာ တရုတ် နှစ်သစ်မင်္ဂလာ”တရုတ်နှစ်သစ်ကူး ပွဲတော် ဖွင့်ပွဲ အခမ်းအနားတွင် တရုတ်ရိုးရာ ခြင်္သေ့ ၊ နဂါးများ လှည့်လည် ကပြခြင်း ၊ ဘင်ခရာ တီးဝိုင်းများဖြင့် လှည့်လည် ဖျော်ဖြေတင်ဆက်မှုများ ပြုလုပ်ခဲ့သည့် အပြင် တရုတ်ရိုးရာ ယဉ်ကျေးမှု အနုပညာများအား လမ်းတစ်လျှောက် ပြသထားရာ ပြည်သူများက စိတ်ပါဝင်စားစွာဖြင့် ပွဲတော်အား ပျော်ပျော်ရွှင်ရွှင် ပါဝင် ဆင်နွှဲကြသည်။

ထို့ အတူ မဟာဗန္ဓုလလမ်း တစ်လျှောက်ရှိ ကုသိုလ်ဖြစ် အသင်း ၊ ယူနန် အသင်း ၊ ဖူကျန့် အသင်း ၊ ကွမ်တုံ အသင်း တို့ ၏ ပြခန်းများနှင့် ဖျော်ဖြေရေး မဏ္ဍပ်များဖြင့် ဖျော်ဖြေ တင်ဆက်မှုများ အပြင် တရုတ်ရိုးရာ ယဉ်ကျေးမှု ပုံစံ ဖော်ညွှန်းထားသည့် မုခ်ဦးများအား ရွှေတိဂုံ ဘုရားလမ်း ၊ ဗိုလ်ရွဲလမ်း ၊ လသာလမ်း ၊ စဥ့်အိုးတန်း လမ်း ၊ လမ်းမတော်လမ်း တစ်လျှောက် တည်ဆောက် ပြသထားသည်။

(Xinhua)
China Xinhua News
တရုတ် နှစ်သစ်ကူး အခါသမယတွင် အားလုံး ညီညွှတ်စွာဖြင့် ပူးပေါင်းပါဝင် ပျော်ရွှင်ကြရန် ဖိတ်ခေါ် တရုတ် နှစ်သစ်ကူး အခါသမယတွင် အားလုံး ညီညွှတ်စွာဖြင့် ပူးပေါင်းပါဝင် ပျော်ရွှင်ကြရန် ဖိတ်ခေါ် Reviewed by THITHTOOLWIN on 19:20 Rating: 5
Powered by Blogger.