ကျိုင်းတုံတွင် ကျွဲခတ်ခံရ၍ လူတစ်ဦး သေဆုံးသွားသည့်အတွက် ကျွဲပိုင်ရှင်အား အမှုဖွင့်ထား


ရှမ်းပြည်နယ်အရှေ့ ပိုင်း၊ ကျိုင်းတုံမြို့ နောင်ကုန်ကျေးရွာအုပ်စု ကျိုင်းတုံ - လွိုင်မွေလမ်းရှိ နမ့်လပ် တံတားအနီး ကားလမ်းတွင် ဇန်န၀ါရီလ (၂၇)ရက်နေ့ နံနက်(၁၁)နာရီခန့်က အသက်(၂၃)နှစ်အရွယ် အမျိုးသားတစ်ဦး ကျွဲခတ်ခံရ၍ သေဆုံးသွား၍ ကျွဲပိုင်ရှင်အား အမှုဖွင့်ထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျိုင်းတုံ - လွိုင်မွေလမ်း နမ့်လပ်တံတားအနီးတွင် အမည်မသိ အမျိုးသားတစ်ဦး ကျွဲခတ်ခံရ၍ မှောက်လျက် လဲကျနေကြောင်းကို နှလုံးလှပိုင်ရှင်များအသင်းမှ ဦးသန်းဝင်းအောင်က ကျိုင်းတုံမြို့မ ရဲစခန်းသို့  ဖုန်းဆက်အကြောင်းကြားလာသဖြင့် သွားရောက်စစ်ဆေးရာ ကျိုင်းတုံမြို့နယ် မိုင်းလပ်အုပ်စု ပါဆမ်ကျရွာတွင် နေထိုင်သူ အသက်(၂၃)နှစ်အရွယ် စိုင်းမောင်ဦးသည် ကားလမ်းအလယ်တွင် မှောက်လျက် အနေအထားဖြင့် ရင်ညွှန် အောက်၌ တစ်ကျပ်လုံးခန့်  ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးနေပြီး အခင်းဖြစ်ပွားရာ နေရာအနီးတွင် သေဆုံးသွားသူ စိုင်းမောင်ဦး မောင်းနှင်လာသော ဆိုင်ကယ်တစ်စီးကို တွေ့ ရှိရသဖြင့် သက်သေများရှေ့ တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြောင်းသိရသည်။

"ကျွန်တော်ထင်တာတော့ ကျွဲခတ်ခံရတာတော့ မဟုတ်လောက်ဘူး။ ကျွဲကလမ်းဖြတ်ကူးနေရင်းနဲ့  ခေါင်းရမ်းနေတဲ့ အချိန် ဆိုင်ကယ်သမားနဲ့ တိုးပြီးတော့ ထိသွားတာ ထင်ပါတယ်"ဟု ကျိုင်းတုံမြို့ နှလုံးလှပိုင်ရှင်များ အခမဲ့ လူမှုရေးကူညီမှုအသင်းမှ ကိုသန်းဝင်းအောင်က တာချီလိတ်သတင်းအေဂျင်စီကို ပြောပြသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တိရစ္ဆာန်အား နေရာတကျထားရန် ပျက်ကွက်မှုဖြင့် ကျွဲပိုင်ရှင်အား ကျိုင်းတုံမြို့မ ရဲစခန်းတွင် (ပ)၁၉/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၈၉/၂၀၄-ကဖြင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သတင်း - ဇွဲမြတ်
Tachileik News Agency
http://www.tachileik.net
ကျိုင်းတုံတွင် ကျွဲခတ်ခံရ၍ လူတစ်ဦး သေဆုံးသွားသည့်အတွက် ကျွဲပိုင်ရှင်အား အမှုဖွင့်ထား  ကျိုင်းတုံတွင် ကျွဲခတ်ခံရ၍ လူတစ်ဦး သေဆုံးသွားသည့်အတွက် ကျွဲပိုင်ရှင်အား အမှုဖွင့်ထား Reviewed by THITHTOOLWIN on 22:12 Rating: 5
Powered by Blogger.