ဂမ္ဘီယာ သမ္မတသစ် ပြည်တော်ဝင်ပြီ


ရွေးကောက်ပွဲ နိုင် သမ္မတသစ် အက်ဒါမာ ဘာရိုး တယောက် သမ္မတ အာဏာ ရယူဖို့ ဂမ်ဘီယာ နိုင်ငံကို ပြန်ရောက်လာပါပြီ။ သမ္မတဟောင်း ယာယာဂျမား ရာထူးက ဆင်းပေးဖို့ သဘောတူကာ တိုင်းပြည်ကနေ ထွက်ခွာ သွားပြီး နောက်ပိုင်း ရက်အနည်းအငယ် အကြာမှာ သမ္မတ ဘာရိုး တိုင်းပြည်ကို ပြန် ဝင်လာခဲ့တာပါ။

သမ္မတသစ် ပါလာတဲ့ လေယာဉ် မြို့တော် ဘန်ဂျူလ်ရဲ့ လေဆိပ်ကို ဆင်းချိန်မှာ ပျော်ရွှင်နေတဲ့ လူအုပ်ကြီးက ကြိုဆို နှုတ်ဆက်ခဲ့ကြပါတယ်။

ဘန်ဂျူလ်ရောက် ဘီဘီစီ သတင်းထောက် အူမရုဖိုဖန်နား ရဲ့ သတင်းပေးပို့ချက်အရ ထောင်နဲ့ ချီတဲ့ လူအုပ်ကြီးဟာ သမ္မတသစ်ကို တွေ့မြင်ရဖို့ အတွက် လေဆိပ်ထဲကို အတင်းတိုးဝင်ခဲ့ကြပြီး သမ္မတ လေယာဉ် ဆိုက်ချိန်မှာ အောင်ပွဲခံမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

အိမ်နီးချင်း ဆီနီဂေါလ် နိုင်ငံမှာ နေ နေရတဲ့ သမ္မတသစ် ဘာရိုးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ရွေးကောက်ပွဲတုန်းက အနိုင်ရရှိခဲ့သူပါ။

ဒါပေမယ့် တိုင်းပြည်ကို ၂၂ ကြာ အုပ်စိုးခဲ့တဲ့ သမ္မတဟောင်း ဂျမားက ရာထူးက ဆင်ပေး ဖို့ ငြင်းဆန်နေတာကြောင့် အာဏာလွှဲပြောင်းမှုဟာ ကြန့်ကြာ ခဲ့ရပါတယ်။

အဖြူရောင်ဝတ်ရုံနဲ့ ဦးထုပ် ဆောင်းထားတဲ့ သမ္မတ ဘာရိုး လေယာဉ်ပေါ်က ဆင်းလာချိန် ဘေးမှာ ဆီနီဂေါလ် နဲ့ နိုင်ဂျီရီးယား နိုင်ငံတွေက စစ်သားတွေ ထူထပ်စွာ စောင့်ကြပ်ထားတာကို တွေ့ရပါတယ်။

ကောင်းကင်ယံမှာလည်း အနောက်အာဖရိက တပ်ပေါင်းစု တပ်က ဂျက်တိုက်လေယာဉ်တစင်း ကလည်း စောင့်ရှောက်နေပါတယ်။

လေဆိပ်မှာ သမ္မတ ဘာရိုးက “ဒီနေ့ ပျော်ရွှင်ရတဲ့ လူ ဖြစ်ပါပြီ၊ မကောင်းတဲ့ အစိတ်အပိုင်းဟာ ပြီးဆုံးခဲ့ပါပြီ၊ ပထမဦးစားပေး အလုပ်ကတော့ အစိုးရဝန်ကြီး ကက်ဘိနက် အဖွဲ့ ဖွဲ့ဖို့ပါ” ဆိုပြီး အေပီ သတင်းထောက် တယောက်ကို ပြောခဲ့ပါတယ်။

လေဆိပ်က ထွက်ခွာလာတဲ့ သမ္မတယာဉ်တန်း လမ်းတလျှောက်မှာ လူထုဟာ လက်တွေဝှေ့ယမ်းပြီး နှုတ်ဆက်ခဲ့ကြပါတယ်။

အစိုးရ သမ္မတ အိမ်တော်ကို လုံခြုံရေးဆိုင်ရာ စစ်ဆေးမှုတွေ ပြုလုပ်နေစဉ် အတွင်းမှာ သမ္မတဟာ အခုလောလောဆယ် သူ့ရဲ့ ကိုယ်ပိုင် အိမ်မှာ နေမယ်လို့ သိရပါတယ်။

ဂမ်ဘီယာ ပြည်သူတချို့က သူတို့ဟာ ၂၂ နှစ် ကြာရှည်ခဲ့တဲ့ စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ပြီး ညမှာ ကောင်းကောင်း အိပ်စက်နိုင်တော့မယ်လို့ မျှော်လင့်နေကြကြောင်း ပြောကြပါတယ်။

ဘီဘီစီမြန်မာပိုင်း
https://www.facebook.com/bbcburmese/
ဂမ်ဘီယာ သမ္မတသစ် ပြည်တော်ဝင်ပြီ  ဂမ်ဘီယာ သမ္မတသစ် ပြည်တော်ဝင်ပြီ Reviewed by THITHTOOLWIN on 12:19 Rating: 5
Powered by Blogger.