မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ဆက်နွှယ်နေသော မတော်တဆမှုများကြောင့် ပါကစ္စတန်တွင် လူ ၂၂ ဦးသေဆုံး


အစ္စလာမ္မာဘတ် ဇန်နဝါရီ ၂၇

လွန်ခဲ့သည့်လေးရက်အတွင်းက ပါကစ္စတန်တွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ဆက်နွှယ်နေသော မတော်တဆမှုဖြစ်ရပ်များကြောင့် လူ ၂၂ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများစွာရှိခဲ့ကြောင်း အူရဒူဘာသာဖြင့် ထုတ်ပြန်သော သတင်းများ၌ ယနေ့ဖော်ပြသည်။

ပါကစ္စတန်နိုင်ငံအရှေ့တောင်ပိုင်းရှိ ဘလူချီစတန်ပြည်နယ်တွင် မိုးရွာသွန်းမှုနှင့်ဆီးနှင်းများကျဆင်းမှုကြောင့် မတော်တဆမှုများ ဖြစ်ပွားခဲ့ရာ လူ ၁၇ ဦးသေဆုံးပြီး ၁၈ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပြည်နယ်သဘာဝဘေး စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က ပြောကြားသည်။

အိမ်ခေါင်မိုးများ ပြိုကျခြင်းကြောင့် ထိခိုက်သေဆုံးဒဏ်ရာရမှုအများဆုံးဖြစ်ပွားခဲ့သော ဒေသများမှာ ရှီဟာနီ၊ ကွာလတ်၊ မက်စတန် ခရိုင်များနှင့် ပြည်နယ်မြို့တော် ကွက်တာတို့ဖြစ်ကြောင်း အဆိုပါအဖွဲ့က ပြောကြားသည်။

ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်း ခိုင်ဘာပထန်ကာဝါပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မော်တော်ယာဉ်တစ်စီး ဘီးချော်မှုဖြစ်ပွားကာ လျှိုတစ်ခုအတွင်းထိုးကျမှုကြောင့် လူငါးဦးထက်မနည်းသေဆုံးပြီး လူအချို့ထိခိုက်ဒဏ်ရာရခဲ့သည်။

ဘလူချီစတန်ပြည်နယ်တွင် လွန်ခဲ့သည့်လေးရက်အတွင်း မိုးရေချိန် ၄၄ မီလီမီတာအထိ စံချိန်တင်ရွာသွန်းခဲ့သည်။

ဘလူချီစတန်ပြည်နယ်အတွင်းရှိ ဇီယာရက်နှင့် ကာလတ်ခရိုင်များ အပါ အဝင်ခရိုင်အချို့နှင့်အခြားဒေသများ ဆက်သွယ်ထားသည့်လမ်းများတွင် ဆီးနှင်းကျဆင်းမှုကြောင့် လမ်းကြောင်းပိတ်ဆို့မှုများဖြစ်ပေါ်နေကြောင်း ယင်းပြည်နယ်၏ပြည်ထဲရေးဝန်ကြီး မီယာဆာဖာ ရက်စ် ဘူဂျတီက ပြောကြားသည်။

ကာလတ်ခရိုင် ကာလီကွာဘတ်ဒေသတွင် ရွှံ့များဖြင့်တည်ဆောက်ထားသည့် နေအိမ်အမြောက်အမြားပြိုကျပျက်စီးခဲ့သည်။

ဆီးနှင်းကျဆင်းမှုဒဏ်ခံရသော ကာလတ်ခရိုင်အတွင်းသို့ ကယ်ဆယ် ရေးလုပ်ငန်းများဆောင်ရွက်ရန် ဘလူချီစတန်ပြည်နယ်အစိုးရက ပါကစ္စတန် တပ်မတော်ထံမှ လေကြောင်းသယ်ယူပို့ဆောင်ရေးအကူအညီတောင်းခံခဲ့ပြီး ပါကစ္စတန်လေတပ်မှ အမ်အိုင်-၁၇ အမျိုးအစား ရဟတ်ယာဉ်နှစ်စင်း ထောက်ပံ့ခဲ့သည်။

ဆင်ဟွာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily

မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ဆက်နွှယ်နေသော မတော်တဆမှုများကြောင့် ပါကစ္စတန်တွင် လူ ၂၂ ဦးသေဆုံး  မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ဆက်နွှယ်နေသော မတော်တဆမှုများကြောင့် ပါကစ္စတန်တွင် လူ ၂၂ ဦးသေဆုံး Reviewed by THITHTOOLWIN on 06:19 Rating: 5
Powered by Blogger.