ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆန်ခါကျေးရွာနဲ့ “နမ့်မဖြစ်” ကျေးရွာတွေမှာ ရွာသားတဦးနဲ့ ကျောင်းဆရာတဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။ ဆိုင်ကယ်စီး သေနတ်သမားတွေက ပစ်ခတ်ခဲ့တာဖြစ်ပြီး ဒေသခံတွေ ထိတ်လန့်နေကြတယ်လို့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက ပြောပါတယ်။
ဇန်နဝါရီလ (၁၇) ရက် မနေ့ညနေပိုင်းမှာ ဆန်ခါရွာက အသက် ၄ဝ ကျော်အရွယ် အမျိုးသားတဦးနဲ့၊ ဒီကနေ့မနက်ပိုင်းမှာ နမ့်မဖြစ်ရွာ အလယ်တန်းကျောင်းက အသက် ၂ဝ ကျော်အရွယ် ကျောင်းဆရာတဦးကို မျက်နှာဖုံး ဝတ်ထားတဲ့ ဆိုင်ကယ်စီး သေနတ်သမားတွေက ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ် ၂ ခုလုံးမှာ ရရှိထားတဲ့ သေနတ် ကျည်ဆံခွံတွေရဲ့ အရွယ်အစားဟာ တူနေတယ်လို့ သိရပါတယ်။ လောလောဆယ်မှာ သေဆုံးမှု ၂ မှုလုံး အတွက် ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ နဲ့ အမှုဖွင့်ထားတယ်လို့ လုံးခင်းရဲစခန်းမှူးက ပြောပါတယ်။
လတ်တလော ဖြစ်စဉ်တွေ အပါအဝင် ရှေ့ဆက်ဆောင်ရွက်ရမယ့် အုပ်ချုပ်ရေး အစီအမံတွေနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့ကို သုံးသပ်အစီရင်ခံစာ ပေးပို့မယ်လို့လည်း ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က ပြောပါတယ်။ ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ တပ်မတော် စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်- စကခ ၇ နဲ့ ရဲတပ်ရင်းတပ်ဖွဲ့တွေ၊ အစိုးရဌာနဆိုင်ရာတွေ ရှိပေမယ့် ဒေသခံလူထုရဲ့ လုံခြုံရေးတွေကို ထိထိရောက်ရောက် ဆောင်ရွက်မပေးဘူးလို့ ဆန်ခါရွာသားတဦးက ပြောပါတယ်။
ဖားကန့်မြို့နယ်မှာ ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ်အတွင်း ရှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီဝင် ၂ ဦးနဲ့၊ ၂ဝ၁၆ ခုနှစ်က အမျိုးသမီးအုပ်ချုပ်ရေးမှူး တဦးကို ဆိုင်ကယ်စီး သေနတ်သမားတွေက ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ အမှုတွေနဲ့ ပတ်သက်လို့လည်း အခုအချိန်အထိ တရားခံ ဖော်ထုတ်နိုင်တာ မရှိသေးဘူးလို့ သိရပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
ဖားကန့်မြို့နယ်မှာ ရွာသားတဦးနဲ့ ကျောင်းဆရာတဦး သေနတ်ပစ်ခံရပြီးသေဆုံး
Reviewed by THITHTOOLWIN
on
20:09
Rating:
