စက်မှုဇုန်များတွင် ဖြစ်ပေါ်နေသော ကျူးကျော်၊ ခြိမ်းခြောက်မှုများနှင့် ပတ်သက်၍ ဆွေးနွေးပွဲကျင်းပ


ရန်ကုန် ဇန်နဝါရီ ၂၇

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များတွင် လတ် တလော ဖြစ်ပေါ်နေသော ကျူးကျော်၊ ခြိမ်းခြောက် မှုများနှင့် ပတ်သက်၍ စက်မှုဇုန်တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့် တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီတို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်း UMFCCI ရှိ မြန်မာနိုင်ငံစက်မှု ကုန်ထုတ်လုပ်သူများအသင်း အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

စက်မှုဇုန်များတွင် ကျူးကျော်၊ ခြိမ်းခြောက်ငွေတောင်းနေ သူများအကြောင်းကို လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီမှ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးနေလင်းဇင်က “ကျူးကျော်ပြဿနာဆိုတာက မိမိဘာသာ နေရာမရှိလို့ ကျူးတာမျိုးမဟုတ်ဘဲ စက်မှုဇုန်တွေမှာ စက်ရုံ လုပ်ငန်းတွေရဲ့ ဝင်ပေါက်ဝတွေကို ပိတ်ဆို့ပြီးတော့ အုပ်စုဖွဲ့ပြီးရန်ပြုငွေကြေး တောင်းခံတဲ့ကိစ္စတွေကတိုင်းအနှံ့မှာရှိတဲ့ စက်မှု ဇုန်တော်တော် များများဖြစ်နေပါတယ်။ စက်မှုဇုန်တွေဝယ်တဲ့အခါ ကျတော့ ခြံစည်းရိုးခတ်တယ်။ တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်ပါတယ်။ အဲဒီလို လုပ်တဲ့အခါမှာ အမည်မသိသူတွေ ရောက် လာပြီး ပိတ်ဆို့ပြီး ငွေကြေးအကျပ်ကိုင် ခြိမ်းခြောက်ပြီးတောင်း တဲ့ အပိုင်းတွေရှိပါတယ်” ဟု ပြောကြားသည်။

စက်မှုလုပ်ငန်းရှင်များမှ ဥပဒေကြောင်းအရ အမှုဖွင့် တရားစွဲသော်လည်း အချိန်ကြာမြင့်လွန်းပြီး ဥပဒေရေးရာ အားနည်းမှုများကြောင့် ကျူးကျော်မှုများမှာ အတင့်ရဲလာပြီး ယင်းကဲ့သို့ဖြစ်ရပ်များ များပြားလာကြောင်း သိရသည်။ ပြည်တွင်းစက်မှု ကုန်ထုတ်လုပ်ငန်းများတိုးတက်ရေး၊ အလုပ် အကိုင် အခွင့်အလမ်း ပိုမိုဖန်တီးနိုင်ရေးတို့အတွက် ကြီးမားသော စိန်ခေါ်မှုဖြစ်ကြောင်း လုပ်ငန်းရှင်တို့က တင်ပြခဲ့ကြသည်။

အဆိုပါဖြစ်ရပ်များအား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးကော်မတီမှ စိစစ်ခဲ့မှုနှင့် ပတ်သက်၍ ကော်မတီဥက္ကဋ္ဌဖြစ်သူ ဒေါ်စန္ဒာမင်းက”လယ်သမား မှန်ခဲ့သည်ရှိသော် လယ်ယာမြေ စိစစ်ရေး ကော်မတီကို တင်ပေး ပါ။ အဲဒီတုန်းက သိမ်းခဲ့တာ စက်မှုလုပ်ငန်းရှင်တွေက သိမ်းခဲ့တာ မဟုတ်ဘူး။ အစိုးရကသိမ်းခဲ့တာဖြစ်တယ်။ ဒါကြောင့် အစိုးရမှာ လျော်ကြေးပေးဖို့ ဝတ္တရားရှိတယ်။ ဝန်ကြီးချုပ်ကလည်း သေသေချာချာ စစ်ပေးပါလို့ ပြောထားတယ်။ အဲဒီတော့ စက်မှု လုပ်ငန်းရှင်တွေကို သူတို့က တောင်းတယ်ဆိုရင် မှားနေတယ်။
ကျွန်မတို့ အစိုးရဘက်ကို တင်ပေးပါလို့ ပြောခဲ့တယ်”ဟု ပြော ကြားသည်။

ဆွေးနွေးပွဲ ကျင်းပခြင်းကြောင့် လုပ်ငန်းရှင်များ၏ အဖြစ် အပျက်များကို အမှန်အတိုင်းသိရှိရပြီး သက်ဆိုင်ရာ တာဝန်ရှိသူ များအနေဖြင့်လည်း မည်သို့ဆက်လက်ဖြေရှင်းဆောင်ရွက်ရ မည်ကို သိရှိသွားနိုင်ကြောင်း ကော်မတီ ဥက္ကဋ္ဌက ဆက်လက် ပြောကြားခဲ့သည်။
တိုင်းဒေသကြီးလွှတ်တော် လှိုင်သာယာမြို့နယ် မဲဆန္ဒ နယ်အမှတ် (၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က “ဥပဒေကို ချိုးဖောက်ရင် ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူသွားမယ့်ကိစ္စတွေဟာ မကြာခင်မှာ ပေါ်လာမှာပါ”ဟု ခြိမ်းခြောက်ငွေတောင်းနေမှုများနှင့် ပတ်သက်၍ ပြောကြား သည်။

စက်မှုဇုန်များကို ၁၉၉၀ နောက်ပိုင်း စတင်အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယခု ဆွေးနွေးပွဲမှ ရရှိသော အချက်အလက်များကို တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြမည်ဖြစ်ကြောင်းနှင့် အစိုးရ၏ မူဝါဒအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည် များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူ များ၊ စက်မှုဇုန်များမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ တိုင်း ဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲမှူးကြီးမျိုးဆွေနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သတင်းမီဒီယာများ တက်ရောက် ခဲ့ကြသည်။

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ-ထိန်လင်း
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
စက်မှုဇုန်များတွင် ဖြစ်ပေါ်နေသော ကျူးကျော်၊ ခြိမ်းခြောက်မှုများနှင့် ပတ်သက်၍ ဆွေးနွေးပွဲကျင်းပ စက်မှုဇုန်များတွင် ဖြစ်ပေါ်နေသော ကျူးကျော်၊ ခြိမ်းခြောက်မှုများနှင့် ပတ်သက်၍ ဆွေးနွေးပွဲကျင်းပ Reviewed by THITHTOOLWIN on 09:01 Rating: 5
Powered by Blogger.