တင်အတု ၁ ခြမ်း တွေ့ ရှိရာကနေ မိန်းမလျာတစ်ဦး၏ လူသတ်မှုကို ဖော်ထုတ်နိုင်ခဲ့


လှိုင်မြို့နယ်အတွင်း မော်တော်ယာဉ်ပေါ်၌ အမျိုးသားတစ်ဦးသေဆုံးမှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူအား ဖော်ထုတ်ဖမ်းဆီးရမိ
ရန်ကုန်၊ ဇန်န၀ါရီ ၂၆

၁၃.၁၂.၂၀၁၆ ရက်နေ့ ၁၂၃၀ အချိန်တွင် လှိုင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လှိုင်မြို့နယ်၊ (၁၂)ရပ်ကွက်၊ ရန်ကုန်ယူနိုက်တက်ဘောလုံးကွင်းနှင့် ရေစက်ဝင်းဘေး လမ်းကြားတွင်ရပ်ထားသော TOYOTA WISH အမျိုးအစား မီးခိုးရောင် မော်တော်ယာဉ် နောက်ခန်းအတွင်း၌ အမျိုးသားတစ်ဦး ပုပ်ပွ သေဆုံးနေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်
စစ်ဆေးခဲ့ပါသည်။


အဆိုပါနေရာ၌ အသက်(၂၅)နှစ်ခန့်ရှိ အမျိုးသားမှာ ယာဉ်နောက်ခန်း ၀ဲဘက်တံခါးဘက်ခြမ်းတွင် ထိုင်လျက်အနေအထားဖြင့် ပြင်ပဒဏ်ရာမတွေ့ရှိဘဲ သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် လှိုင်မြို့မ ရဲစခန်းသေမှုသေခင်း အမှတ်စဉ်(၂၂/၂၀၁၆)ဖြင့် ရေးဖွင့်ပြီး ရန်ကုန်ဆေးရုံကြီး မှုခင်း ဆရာဝန်ကြီးနှင့်အတူ ရင်ခွဲစစ်ဆေးချက်အရ သေဆုံးသူမှာ ဓမ္မတာအတိုင်းသေဆုံးခြင်း မဟုတ်ဘဲ ၀ဲနံရိုးကျိုး၍ ၀ဲဘက်ရင်ခေါင်းအတွင်း သွေးသွန်ကာ အတွင်းဒဏ်ရာများဖြင့် သေဆုံးရခြင်းဖြစ်ကြောင်း သိရှိရသဖြင့် လှိုင်မြို့မရဲစခန်း(ပ)၁၁၈၂/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် ပြောင်းလဲရေးဖွင့်ကာ စုံစမ်းဆောင်ရွက်ခဲ့ပါသည်။


အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များ၊ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး မှုခင်းနှိမ်နင်းရေးဌာနမှ တပ်ဖွဲ့ဝင်များနှင့် လှိုင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက စစ်ဆေးဆောင်ရွက်ခဲ့ရာ အခင်းဖြစ်ယာဉ်နောက်ဖုံးအတွင်းရှိ ပလပ်စတစ်ပုံးအတွင်းမှ ငွေကျပ်(၁၈)သိန်း၊ ယာဉ်နောက်ခန်းထိုင်ခုံပေါ်ရှိ အနက်ရောင် လက်ဆွဲအိတ်အတွင်းမှ ငွေကျပ်(၇)သိန်း၊ မော်တော်ယာဉ်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများ၊ Tiger beer ၃ ဘူး၊ အနီရောင်ပုဆိုး ၁ ထည်၊ ယာဉ်တွင်တပ်လျက် ကားသော့ ၁ ချောင်းနှင့် တင်ပါးအတု ၁ ခြမ်းတို့အား သိမ်းဆည်းရရှိခဲ့ပြီး သေဆုံးသူ အမည်မသိအမျိုးသားနှင့် ပတ်သက်၍ လိုက်လံစုံစမ်းဆောင်ရွက်ခဲ့ရာ ၎င်းမှာ သင်္ဃန်းကျွန်းမြို့နယ်နေ စည်သူစိုး၊ (၂၄)နှစ်ဖြစ်ပြီး ကားစလစ် အရောင်းအ၀ယ်အလုပ်လုပ်ကိုင်သူဖြစ်ကြောင်းနှင့် အခင်းဖြစ်စဉ်က ၎င်းဝတ်ဆင်ထားသော ဆွဲသီးပါရွှေဆွဲကြိုး ၁ ကုံး၊ ကျောက်ဖြူပါရွှေလက်စွပ် ၁ ကွင်းနှင့် ၎င်းကိုင်ဆောင်သည့် ဆင်းကတ် ၂ ကတ်ပါ
Xiaomi Mi Max အမျိုးအစား ရွှေအိုရောင်လက်ကိုင်ဖုန်း ၁ လုံးတို့မှာ ပျောက်ဆုံးနေကြောင်းကို မိခင်ဖြစ်သူမှ ပြောပြချက်အရ သိရှိခဲ့ရပါသည်။


သေဆုံးသူ စည်သူစိုးနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့မှ စစ်ဆေးဆောင်ရွက်ချက်များအရ ၎င်းသည် ၁၀.၁၂.၂၀၁၆ ရက်နေ့ ၁၉၀၀ အချိန်ခန့်က ၎င်းအလုပ်ရှင် ၏ TOYOTA WISH အမျိုးအစား မီးခိုးရောင်မော်တော်ယာဉ်ဖြင့် သူငယ်ချင်း၂ ဦးနှင့်အတူ သင်္ဃန်းကျွန်းမြို့နယ်ရှိ စားသောက်ဆိုင်တွင် စားသောက်ခဲ့ကြပြီး သူငယ်ချင်း ၂ ဦးအား ၎င်း၏နေအိမ်များသို့ လိုက်ပို့ပေးခဲ့ကြောင်း၊ ယင်းနေ့ ၂၂၀၀ အချိန်တွင် မိခင်ဖြစ်သူနှင့် ဖုန်းအဆက်အသွယ်ရရှိခဲ့ပြီး နောက် ၁၁.၁၂.၂၁၀၆ ရက်နေ့နှင့် ၁၂.၁၂. ၂၀၁၆ ရက်နေ့တို့တွင် အဆက်အသွယ် မရရှိတော့ကြောင်းနှင့် ၁၃.၁၂.၂၀၁၆ ရက်နေ့တွင် သားဖြစ်သူမှာ သေဆုံးသည်ကို သိရှိခဲ့ရခြင်းဖြစ်ကြောင်း စုံစမ်းသိရှိခဲ့ရပါသည်။


ရဲတပ်ဖွဲ့ဝင်များက အမှုမှပြစ်မှုကျူးလွန်သူအား ဖော်ထုတ် ဖမ်းဆီးနိုင်ရေးအတွက် အခင်းဖြစ်နေရာ၌ တင်အတု ၁ ခြမ်းတွေ့ရှိမှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူမှာ မိန်းမလျာဖြစ်နိုင်ကြောင်း သုံးသပ်ချက်အရ စုံစမ်းဆောင်ရွက်ခဲ့ရာ ၂၃.၁.၂၀၁၇ရက်နေ့တွင် လှိုင်သာယာမြို့နယ်နေ
ဟိန်းမင်းထက်(ခ)ဘိုကေမအား မသင်္ကာဖွယ် စုံစမ်းတွေ့ရှိချက်များအရ ထိန်းသိမ်းစစ်မေးခဲ့ရာ ၎င်းသည် ညအချိန်များတွင် ရန်ကုန်မြို့တွင်းသို့ သွားလာပျော်ပါးတတ်ကြောင်း၊ အခင်းဖြစ်နေ့က သာကေတမြို့နယ်၊ ကမာကြည်တံတားပေါ်သို့ရောက်ရှိစဉ် တံတားပေါ်၌ထိုင်သော လူငယ်
၁ ဦးအား မိတ်ဖွဲ့စကားပြောကာ ၎င်း၏ကားနှင့်အတူ အခင်းဖြစ်နေရာသို့ လိုက်ပါလာစဉ် ယာဉ်ပေါ်၌စကားများရန်ဖြစ်ပြီး အဆိုပါအမှုအား ၎င်းမှကျူးလွန်ခဲ့ကြောင်း၊ ၎င်းအမျိုးသား ၀တ်ဆင်ထားသော ရွှေဆွဲကြိုး ၁ ကုံး၊ ကျောက်ဖြူ ပါလက်စွပ် ၁ ကွင်းနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား ယူဆောင်၍ ရောင်းချထားခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ပေါ်ပေါက်ချက်အရ အမှုမှပါဆုံးသွားသည့် ရွှေထည်ပစ္စည်းများမှ အရည်ကျိုထားသော ရွှေတုံး၂ တုံးနှင့် ကျောက်ဖြူ  ၁၆ လုံးတို့အား သိမ်းဆည်းနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice/
တင်အတု ၁ ခြမ်း တွေ့ ရှိရာကနေ မိန်းမလျာတစ်ဦး၏ လူသတ်မှုကို ဖော်ထုတ်နိုင်ခဲ့  တင်အတု ၁ ခြမ်း တွေ့ ရှိရာကနေ မိန်းမလျာတစ်ဦး၏ လူသတ်မှုကို ဖော်ထုတ်နိုင်ခဲ့ Reviewed by THITHTOOLWIN on 08:00 Rating: 5
Powered by Blogger.