ဆားမလောက်ကျေးရွာ ကမ်းပြိုမှုကြောင့် လူနေအိမ် ၁၅ လုံး ဖျက်ခဲ့ရ


ညောင်တုန်း ဇန်နဝါရီ ၇

ညောင်တုန်းမြို့နယ် ဆားမလောက် ကျေးရွာ နန္ဒာရာမရွှေဥဒေါင်းဘုန်းတော် ကြီးကျောင်းတိုက်ရှေ့ ပန်းလှိုင်မြစ်ကမ်း ဘေး၌ ရေဦးရေစွယ်ထိုးခြင်း၊ ရေနက် အိုးများ ဖြစ်တည်နေခြင်းတို့ကြောင့် ပေ ၂ဝဝ ကျော်ခန့် မြစ်ကမ်းပါးပြိုလျက် ရှိရာ မြစ်ကမ်းဘေးရှိလူနေအိမ် ၁၅ လုံး နှင့် ဝါးဂိုဒေါင်တစ်လုံးဖျက်လိုက် ရကြောင်း သိရသည်။

လောလောဆယ်တွင် နန္ဒာရာမ ရွှေဥဒေါင်းကျောင်းတိုက်ရှေ့မှ ပေ ၂ဝဝ ကျော်ခန့်အထိ ကမ်းပြိုလျက်ရှိပြီး ပေ ၃ဝဝ ခန့်အထိ အက်ကြောင်းများဖြစ် တည်လျက်ရှိကြောင်း သိရသည်။ အိမ်ခြေ ၁၅လုံးနှင့် ဝါးဂိုဒေါင်တစ်လုံး ဖျက်လိုက် ရပြီး အိမ်ခြေ ၃၆ လုံးခန့်အထိ ထပ်မံ ဖျက်ရဖွယ်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့မှတာဝန်ရှိသူများ၊ တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိ သူများ၊ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များ၊ ခရိုင်နှင့်မြို့နယ်များမှ တာဝန်ရှိသူများရောက်ရှိပြီး အရေးပေါ် ကယ်ဆယ်ရေးနှင့် ကာကွယ်ရေးလုပ်ငန်း များကို ဆောင်ရွက်ပေးလျက်ရှိသည်။

လူနေအိမ်ခြေများ ဖျက်သိမ်း ရွှေ့ပြောင်းရာတွင် ညောင်တုန်းမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆားမလောက် နယ်မြေရဲတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြ ပြီး ကမ်းပြိုမှုကြောင့် ဖျက်လိုက်ရသော လူနေအိမ်များမှ မိသားစုများကို နန္ဒာရာမ ရွှေဥဒေါင်းကျောင်းတိုက်၌ နေရာချထားပေးကြောင်း သိရသည်။

ညောင်တုန်းမြို့နယ် ဆားမလောက် ကျေးရွာသည် အိမ်ခြေ ၉၂၈ လုံးရှိသော ရွာကြီးတစ်ရွာဖြစ်ပြီး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ၊ စက်မှုလက်မှုလုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများ၊ အရောင်းပြခန်းများ နှင့် အရောင်းဆိုင်ကြီးများ၊ စားသောက် ဆိုင်များဖြင့် အထူးစည်ကားဖွံ့ဖြိုး တိုးတက်လာသော စီးပွားရေးအချက် အချာကျသည့် ရွာကြီးတစ်ရွာဖြစ်ကြောင်း သိရသည်။ ရန်ကုန်-ပုသိမ်အဝေးပြေး လမ်းမကြီးဘေး၌ တည်ရှိသောရွာဖြစ် သဖြင့် ရေဘေးအ္တရာယ်ကာကွယ်ရေးလုပ်ငန်းများကို ပိုမိုတိုးမြှင့်ဆောင်ရွက် ပေးရန် လိုလားလျက်ရှိကြောင်း သိရ သည်။

နေလင်း(ညောင်တုန်း)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ဆားမလောက်ကျေးရွာ ကမ်းပြိုမှုကြောင့် လူနေအိမ် ၁၅ လုံး ဖျက်ခဲ့ရ  ဆားမလောက်ကျေးရွာ ကမ်းပြိုမှုကြောင့် လူနေအိမ် ၁၅ လုံး ဖျက်ခဲ့ရ Reviewed by THITHTOOLWIN on 11:19 Rating: 5
Powered by Blogger.