နိုင်ငံသား စိစစ်ရေးကတ်များကို Smart Card ပြောင်းရန် ရှေ့ ပြေး လုပ်ငန်းများ စတင်

လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့  အင်အား ဦးစီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေအား တွေ့ရစဉ် (ဆင်ဟွာ)
    နေပြည်တော်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ)

    နိုင်ငံသား စိစစ်ရေးကတ်များကို Smart Card သို့ ပြောင်းလဲဆောင်ရွက်ပေးနိုင်ရေး အတွက် အိုင်တီ ကျွမ်းကျင် သူများ၊ အဖွဲ့ အစည်းများဖြင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိရာ နေပြည်တော် ဇမ္ဗူသီရိ မြို့ နယ်နှင့် မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ နေရာအချို့ တို့ တွင် နိုင်ငံသားတို့ ၏ ကိုယ်ရေး အချက်အလက်များ ကောက်ယူခြင်းကို  ရှေ့ ပြေး လုပ်ငန်းအဖြစ် စတင် ဆောင်ရွက် နေသည်ဟု အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့  အင်အား ဦးစီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးသိန်းဆွေက ယနေ့ အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ပြောခဲ့သည်။

“Smart Card e-ID ကို ပြောင်းတဲ့ အခါမှာ နိုင်ငံသား တစ်ဦးချင်းစီရဲ့ အချက်အလက်များကို မှတ်သား ထည့်သွင်းဖို့ လိုတာ ဖြစ်တဲ့အတွက် Pilot Project အနေနဲ့ နေပြည်တော် ဇမ္ဗူသီရိမှာ ရှိတဲ့ ဒေသခံ ပြည်သူတွေရဲ့ Biographic Data ကောက်ယူခြင်း လုပ်ငန်းများကို ပြီးခဲ့တဲ့ အပတ်တည်းက ဆောင်ရွက်နေပါ တယ်၊ အလားတူပါပဲ မနေ့ ကစပြီး မန္တလေးတိုင်းမှာ ပြည်သူများရဲ့ Biographic Data ကောက်ယူခြင်း လုပ်ငန်းများကို ရှေ့ ပြေး စမ်းသပ် ဆောင်ရွက်နေပါတယ်၊ ရရှိလာတဲ့ အချက်အလက်များ၊ အတွေ့ အကြုံများကို မူတည်ပြီး ကျွန်တော်တို့ လက်ရှိပြုလုပ်နေတဲ့ နိုင်ငံတကာကမှ အိုင်တီပညာရှင်တွေ၊ ကုမ္ပဏီတွေနဲ့  ဆွေးနွေးပွဲ Seminar များမှ ရရှိတဲ့ အတွေ့ အကြုံများကို ယူပြီးတော့ အကောင်းဆုံး ဖြစ်အောင် စီစဉ် ဆောင်ရွက်နေ ပါ တယ်” ဟု ၀န်ကြီးက ပြောခဲ့သည်။

ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်နီနိုင်၏ “အမျိုးသား မှတ်ပုံတင် လုပ်ငန်းစဉ်များ ပြုပြင် ပြောင်းလဲ မြှင့်တင်ရာတွင် Smart Card ကိုင်ဆောင်နိုင်သည့် အဆင့်ထိ ဆောင်ရွက်ရာ၌ မည်ကဲ့သို့ စီစဉ်ထားရှိသည်ကို သိရှိလိုခြင်း” ဟူသည့် မေးခွန်းကို ၀န်ကြီးက ပြန်လည် ဖြေကြားရာတွင် ပြောခဲ့ခြင်း ဖြစ်သည်။

“ကမ္ဘာ့ ဘဏ် အကူအညီနဲ့  လာမယ့်လထဲမှာ ဒါနဲ့ ပတ်သက်ပြီး အလားတူ Seminar တစ်ခု ၀န်ကြီးဌာနမှာ လုပ်သွားပါမယ်။ Smart Card ဆောင်ရွက်ရေးကို တခြားနိုင်ငံများရဲ့ အတွေ့ အကြုံတွေ ရယူပြီး ကျွန်တော်တို့  နိုင်ငံနဲ့  လိုက်ဖက်မယ့် ကျွန်တော်တို နိုင်ငံနဲ့  အဆင်ပြေဆုံး ဖြစ်မယ့်၊ လိုက်လျော ညီထွေ ဖြစ်မယ့် စနစ်တစ်ခု ချမှတ်ပြီး ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်၊ ဒီလို ဆောင်ရွက်ရာမှာလည်း အိုင်တီနည်းပညာများဟာ နေ့ စဉ်နဲ့  အမျှ ပြောင်းလဲနေတာ ဖြစ်တဲ့အတွက် ကုန်ကျမယ့် ငွေနဲ့ ထိုက်သင့်တဲ့ အကျိုးကျေးဇူး ရရှိဖို့ ၊ ရေရှည် အသုံးပြု နိုင်ဖို့ ၊ e- Government လုပ်ငန်းစဉ်နဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်နိုင်ဖို့ ၊ ဖြစ်သင့်တဲ့ အတိုင်းအတာ အတွင်းမှာ ပြီးစီးနိုင်ဖို့ စတဲ့ အချက်အလက်များကို ဘက်ပေါင်းစုံက စဉ်းစားပြီး ဆောင်ရွက်လျက်ရှိပါတယ်” ဟုလည်း ၀န်ကြီးက ပြောခဲ့သည်။ သို့ ရာတွင် မည်သည့် အချိန်၌ ပြီးစီးမည်ကိုမူ ၎င်းက ပြောဆိုခြင်း မရှိခဲ့ပေ။

Smart Card အတွက် ရှေ့ ပြေးလုပ်ငန်းစဉ်အဖြစ် နေပြည်တော်နှင့် မန္တလေး တိုင်းဒေသကြီးတွေမှာ ဆောင်ရွက်နေသကဲ့သို့  အခြားသော တိုင်း ဒေသကြီး နှင့်ပြည်နယ်များမှာလည်း ဆက်လက် လေ့လာ ဆောင်ရွက်သွားမည်ဟု ၎င်းက ပြောခဲ့သည်။

ထို့ အပြင် ၎င်းက “အစိုးရအဖွဲ့ အနေနဲ့ e-Government system ကို ပြောင်းလဲ ကျင့်သုံးဖို့ မူဝါဒ ချမှတ်ထားပြီး ဖြစ်ပါတယ်၊ အဲဒီထဲမှာ အမျိုးသား မှတ်ပုံတင်ကတ်တွေကို e-ID ခေါ်တဲ့ Smart Sard အဖြစ် ပြောင်းလဲ ထုတ် ပေးဖို့  လုပ်ငန်းဟာ e-Government လုပ်ငန်းစဉ်ရဲ့ ဦးစားပေး လုပ်ငန်း တစ်ခုဖြစ်ပါတယ်၊ ၀န်ကြီးဌာနမှာ ရှိတဲ့ ကျွမ်းကျင်ပညာရှင်များကို စုစည်းပြီး Smart Card လုပ်ဆောင်ဖူးတဲ့ ကုမ္ပဏီများကို ဖိတ်ခေါ်ပြီးတော့မှ သူတို့ ရဲ့ အတွေ့ အကြုံများ၊ အကြံဥာဏ်များကို လေ့လာလျက်ရှိပါတယ်” ဟု ပြောခဲ့သည်။

တစ်ပြိုင်တည်းမှာပင် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကျွမ်းကျင်ပညာရှင်များ၊ ကွန်ပျူတာအသင်းမှ ကျွမ်းကျင်ပညာရှင်များနှင့်လည်း ချိတ်ဆက်ပြီး သူတို့ ၏ အကြံဥာဏ်များကို ရယူ ဆောင်ရွက်လျက်ရှိပါ ကြောင်း၊  အာဆီယံနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများတို့ မှ ကုမ္ပဏီ ၂၉ ခုတို့ က Smart Card လုပ်ငန်းနှင့် ပတ်သက်ပြီး ဝန်ကြီးဌာနသို့  လာရောက် ရှင်းလင်း တင်ပြပြီး ဖြစ်ကြောင်း၊ ၀န်ကြီးက ရှင်းခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
နိုင်ငံသား စိစစ်ရေးကတ်များကို Smart Card ပြောင်းရန် ရှေ့ ပြေး လုပ်ငန်းများ စတင်  နိုင်ငံသား စိစစ်ရေးကတ်များကို Smart Card ပြောင်းရန် ရှေ့ ပြေး လုပ်ငန်းများ စတင် Reviewed by THITHTOOLWIN on 16:46 Rating: 5
Powered by Blogger.