MJN ရုံးနာမည်ကို အသုံးချ၍ ငွေလိမ်လည်မှုအပေါ် သတင်းစာရှင်းလင်းပွဲပြုလုပ်


မြန်မာဂျာနယ်လစ်ကွန်ရက် (MJN)ရုံးနာမည်ကို အသုံးချကာ ငွေလိမ်လည်မှုဖြစ်ပွားခဲ့တဲ့အတွက် ပြည်သူလူထုတွေ နောက်ထပ်အလိမ်မခံရအောင်ရည်ရွယ်ပြီး သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ဒီဇင်ဘာ (၁၃)ရက်က ရန်ကုန်မြို့ရှိ မြန်မာဂျာနယ်လစ်ကွန်ရက် (MJN)ရုံးခန်းမှာ ပြုလုပ်ခဲ့ပါတယ်။ ငွေလိမ်လည်ခံရသူ တစ်ဦးဖြစ်တဲ့ ဦးကျော်မင်းဟာ အမှုတစ်ခုဖြစ်နေစဉ် မီဒီယာလောက က ကိုသီဟဆိုတဲ့သူနဲ့တွေ့ပြီး သတင်းစာရှင်းလင်းပွဲလုပ်ပေးမယ်ဆိုကာ ပြုလုပ်ပေးခြင်း မရှိဘဲ ငွေသုံးသိန်းခွဲခန့် လိမ်လည်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။

 မြန်မာဂျာနယ်လစ်ကွန်ရက် ဆိုတာက ပြည်သူလူထုအနေနဲ့ မိမိတို့အခွင့်အရေးချိုးဖောက်ခံရတာတွေ အများပြည်သူနဲ့ သက်ဆိုင်တဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေနဲ့ပတ်သက်ပြီးတော့ လာရောက်ရှင်းလင်းပွဲ ပြုလုပ်လို့ရတဲ့ နေရာတစ်ခုဖြစ်ကြောင်း၊ အဲဒီလိုရှင်းလင်းပွဲတွေပြုလုပ်ရာမှာ ငွေကြေးတစ်စုံတစ်ရာ ပေးစရာ မလိုကြောင်း မြန်မာဂျာနယ်လစ်ကွန်ရက် အထွေထွေအတွင်းရေးမှူး ကိုဇေယျာလှိုင်က ပြောပါတယ်။

အခုလို ငွေကြေးအရှုပ်အရှင်းတွေကြားမှာ သတင်းမီဒီယာသမားတွေ ပါဝင်ပတ်သက်နေတာက မီဒီယာလောကကိုအသုံးချနေသလိုဖြစ်ပြီး မီဒီယာတွေကို ပြည်သူတွေက မယုံကြည်တော့ဘူး ဆိုရင် စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာလောကဟာ ယိုင်နဲ့လာမှာဖြစ်တယ်လို့ မြန်မာဂျာနယ်လစ်ကွန်ရက် အထွေထွေအတွင်းရေးမှူး ကိုဇေယျာလှိုင်က ပြောပါတယ်။

မတရားမှုတစ်ခုကို အများသိအောင် သတင်းစာရှင်းလင်းပွဲပြုလုပ်ချင်တာကြောင့် အကူအညီ တောင်းရာက အခုလိုဖြစ်ရတာဖြစ်ပြီး နောက်ထပ် အဲဒီလိုမျိုးထပ်မဖြစ်ရအောင် ပြည်သူတွေကိုသိစေချင်တာပါလို့ ရှင်းလင်းခဲ့သူ ဦးကျော်မင်းက ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲကို မြန်မာဂျာနယ်လစ်ကွန်ရက်က တာဝန်ရှိသူတွေ၊ ကာယကံရှင်နဲ့ သတင်းမီဒီယာသမားတွေ တက်ရောက်ခဲ့ကြပါတယ်။ ဒီသတင်းကို Central News Bureau က ရဲမင်းထွန်း ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
MJN ရုံးနာမည်ကို အသုံးချ၍ ငွေလိမ်လည်မှုအပေါ် သတင်းစာရှင်းလင်းပွဲပြုလုပ် MJN ရုံးနာမည်ကို အသုံးချ၍ ငွေလိမ်လည်မှုအပေါ် သတင်းစာရှင်းလင်းပွဲပြုလုပ် Reviewed by THITHTOOLWIN on 09:54 Rating: 5
Powered by Blogger.