နမ္မတူမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းပိတ်မိ စစ်ရဟတ်ယာဉ်ဖြင့်ပစ်ကူရ ဒေသခံများစစ်ဘေးသင့်


ဒီဇင်ဘာ ၁၃ ရက် ၂၀၁၆

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း ရောက်ရှိလှုပ်ရှားနေသည့် တပ်မတော်စစ်ကြောင်းအား မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ ၂ ရက်ကြာ ဝိုင်းရံပိတ်ဆို့ထားသောကြောင့် တပ်မတော်မှ စစ်ရဟတ် ယာဉ်ဖြင့် ပစ်ကူတိုက်ခိုက်ရသည်ဟု ဒေသခံများ က ပြောသည်။

ဒီဇင်ဘာ ၁၂ ရက် ၁၁ နာရီအချိန် တွင် တိုက်ပွဲ စတင်ကြောင်း၊ မွန်းလွဲ ၂ နာရီအချိန် စစ်ရဟတ်ယာဉ် နှစ်စီးရောက်ရှိလာကာ မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့အား ပစ်ခတ်တိုက်ခိုက်ကြောင်း၊ တိုက်ပွဲမှာ နမ္မတူမြို့ မြောက်ဘက် ၁၀ မိုင်ခန့်အကွာ မိုင်းတတ်ကျေးရွာ နှင့် ပန်ဝါကျေးရွာကြား ဖြစ်ပွားကြောင်း၊ တိုက်ပွဲ ကြောင့် ဒေသခံများ မိုင်းတတ်ရွာမသို့လည်းကောင်း၊ နမ္မတူ မိုင်းယင် သို့လည်းကောင်း လားရှိုးမြို့သို့ လည်းကောင်းတိမ်းရှောင်ရကြောင်း ဒေသခံ များ က ပြောသည်။

“အစိုးရတပ် စစ်ကြောင်းက ၁၀ ရက်နေ့လောက်ကတည်း အဲ့ဒီ့ဘက်ရောက် တာ။ ပလောင်တပ်ဖွဲ့က လူခွဲပြီး ဝိုင်းပိတ်ထားတာတဲ့။ အဲဒါ ပိတ်မိနေလို့ ထိုးဖေါက်နိုင်ဖို့ တပ်မတော် က လေယာဉ်နဲ့ လာကူ ပစ်တာ ည အထိ ဘဲ သေနတ်သံထွက်တယ်လို့ ပြောတာဘဲ။ ရွာနားကို အပြိုင်ကပ်လာ ရင်တော့ အ သက်လုထွက်ပြေးရတာဘဲ ” - ဟု သိန္နီမြို့ရောက် စစ်ဘေးရှောင် ဒေါ်ခေါင်ကြာ က ပြောသည်။

“ပန်ဝါ ကချင်ကျေးရွာပါ။ မနေ့က ရွာသားတွေလဲ ပိတ်မိတယ်။ ပန်ဝါမှ အိမ်ခြေ သုံးဆယ်လောက် ရှိမယ်။ ဒီမနက်အထိ သူတို့ကို ထုတ်ယူဖို့ လူလွတ်နေတုန်း။ မနေ့က အယောက် သုံးဆယ်လောက် မိုင်းတတ်ကိုရောက် လာတယ်။ တချို့လဲ သိန္နီ၊ တချို့လဲ တောထဲမှာပုန်းနေတုန်း” - ဒေသခံ အကြီးအကဲ တဦးက ပြောသည်။


ထို့အတူ တအာင်းပလောင်တပ် သတင်း နှင့် ပြန်ကြားရေး ဌာနက - ဒီဇင်ဘာ ၁၂ ရက်နေ့တွင် တအာင်း တပ် နှင့် အစိုးရ တပ်တို့ တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားေ ကြာင်း၊ နမ္မတူမြို့နယ် မိုင်းတတ်ကျေးရွာ နှင့် ပန်ဝါကျေးရွာ ကြား တိုက်ပွဲတွင် အစိုးရတပ် စစ်ရဟတ်ယာဉ်က မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်မှ စ၍ မိနစ် ၂၀ ကျော်ကြာ လာရောက်ပစ်ခတ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

“ မိုင်းတတ်မှာ လူ ၁၁ ယောက်ဖမ်းသွားတယ်။ ၁၀ ရောက်လွတ်လာတယ်။ အခု တယောက်ကျန်သေး တယ်။ သေလားရှင်လားမသိဘူး။ တအာင်း ပလောင် တပ်က ဖမ်းသွားတာ။ ဒါ့အပြင် တရုတ်ကျောင်း ဆရာ ကိုတော့ သူပုန်ထောက်ပံ့တယ် ဆိုပြီး တပ်မတော် စစ်ကြောင်းက ဖမ်းဆီးရိုက်နှက် တယ်။ နောင် မောင်လောဝ်ဆိုင်း ဆိုတဲ့သူ ဆိုင်ကယ်စီးလာတာ တားမရပ်လို့ ဆိုပြီး လားရှိုး - နမ္မတူကြား တာ့ဆိုင်း ကျေးရွာမှာ ပစ်သတ်ခံရတယ်။ ခမရ ၅၀၂ နဲ့ ခလရ ၄၁ ပူးပေါင်း လှုပ်ရှားတာ အဲဒီမှာ ” - ဟု လူငယ် စိုင်းအောင်ခမ်း က ပြောသည်။

အစိုးရတပ်မတော် နှင့် မြောက်ပိုင်းမဟာမိတ် တပ်တို့ကြား ဖြစ်ပွားသော စစ်ရေးပြဿနာကြောင့် တပ်နှစ်ခုလုံးမှ ဒေသခံများအား ဖမ်းစီးရိုက်နှက် မှုပြုလုပ်သောကြောင့် ဒေသခံများ အသက်ဘေး နှင့် ရင်ဆိုင်နေရကာ ဘ၀ လုံခြုံမှု ကင်းမဲ့နေကြောင်း ဒေသခံ အကြီးအကဲ ဦးယောန က ပြောသည်။

အစိုးရ စစ်ကြောင်းအား ဖြတ်တောက်ရန်လည်း နမ္မတူ - မိုင်းတတ်ကြား မိုင်းဆင်တံတား အား မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ နိုဝင်ဘာလ နှောင်းပိုင်းက မီးရှို့ဖျက်ဆီးခဲ့သည်။

သျှမ်းသံတော်ဆင့် - ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese
နမ္မတူမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းပိတ်မိ စစ်ရဟတ်ယာဉ်ဖြင့်ပစ်ကူရ ဒေသခံများစစ်ဘေးသင့် နမ္မတူမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းပိတ်မိ စစ်ရဟတ်ယာဉ်ဖြင့်ပစ်ကူရ ဒေသခံများစစ်ဘေးသင့် Reviewed by THITHTOOLWIN on 17:19 Rating: 5
Powered by Blogger.