ရွှေဆိုင်သို့ ရွှေအတုများ လာရောက် ပေါင်နှံသူများအား အရေးယူထား


နေပြည်တော်၊ ဒီဇင်ဘာ ၁၂

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၈ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ပွဲကြိုရပ်ကွက်ရှိ "ပွင့်ထွန်း"ရွှေဆိုင်ပိုင်ရှင်ဖြစ်သူ ဦးဖုန်းမော်(၅၈)နှစ်သည် ဆိုင်၌ရှိနေစဉ် အမည်မသိ အမျိုးသမီး(၂)ဦးက ရွှေထည်ပစ္စည်းအတုများ လာရောက်ပေါင်နှံကြောင်း မကွေးနယ်မြေရဲစခန်းသို့ အကြောင်းကြားသဖြင့် တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 စစ်ဆေး ချက်အရ နံနက် ၈ နာရီအချိန်ခန့်က မင်းဘူးမြို့နယ်၊ ဇရပ်ကြီးကျေးရွာနေ မသီတာလှိုင်(၃၂)နှစ်က ရွှေဆွဲကြိုး(၁)ကုံးအား လာရောက်ပေါင်နှံခဲ့ရာ အတုဖြစ်နေကြောင်း၊ နံနက် ၉ နာရီ အချိန်ခန့်က နတ်တလင်းမြို့၊ ရေအိုးစင်ရပ်နေ မသူသူအောင်(၂၇)နှစ်က ရွှေဆွဲကြိုး(၂)ကုံး၊ လက်စွပ်(၂)ကွင်းတို့အား လာရောက်ပေါင်နှံခဲ့ရာ လက်စွပ်(၁)ကွင်းမှာ အတုဖြစ်နေကြောင်းသိရှိရပြီး ၎င်းတို့(၂)ဦးမှာ အတူ ပူးပေါင်း၍ မကွေးမြို့ပေါ်ရှိ ရွှေဆိုင်များသို့ ရွှေအတုများ လိုက်လံပေါင်နှံသူများဖြစ်ကြောင်း စစ်ဆေး သိရှိရသည်။

 အခုအခါ မသီတာလှိုင်နှင့် မသူသူအောင်တို့(၂)ဦးအား ဖမ်းဆီးကာ မကွေးနယ်မြေရဲစခန်း(ပ)၂၁၄၀/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၂၀/၁၁၄ ဖြင့် အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

by သစ်ထူးလွင်


ရွှေဆိုင်သို့ ရွှေအတုများ လာရောက် ပေါင်နှံသူများအား အရေးယူထား  ရွှေဆိုင်သို့ ရွှေအတုများ လာရောက် ပေါင်နှံသူများအား အရေးယူထား Reviewed by THITHTOOLWIN on 22:49 Rating: 5
Powered by Blogger.