မုံးကို ခရစ်ယာန် သင်းအုပ်ဆရာ နေအိမ် မီးရှို့မှု ခံရ

တိုက်ပွဲအတွင်း ပျက်စီးလောင်ကျွမ်းနေသော မုံးကိုမြို့ကို ဒီဇင်ဘာ ၃ ရက်နေ့က မြင်တွေ့နေရစဉ်
တိုက်ပွဲ ငြိမ်သက်နေပြီဖြစ်သော မုံးကိုမြို့ရှိ ကချင်ခရစ်ယာန် သင်းအုပ်ဆရာ တပါး၏ နေအိမ် ယနေ့ နံနက် မီးရှို့ခံရသော်လည်း အချိန်မှီ ပြန်လည် ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
နံနက် ၄ နာရီ အချိန် မုံးကို ရပ်ကွက် ၂ ရှိ ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတော်၏ ဆရာ ဝဂျေဘရန်အောင် (Rev. Waje Brang Awng) ၏ နေအိမ်ကို အမည်မသိ ရသေးသော သူများ မီးလာရှို့သွားကြောင်း ဆရာကိုယ်တိုင် ယခုလို ပြောပြသည်။

“ကျနော်တို့အိမ်က လမ်းဘေး နိမ့်နိမ့်လေးဆိုတော့ အိမ်နောက် ကနေ ဓါတ်ဆီ (Pepsi ဘူး) ၃ ဘူးနဲ့ ဝါးခြမ်းတုတ်မှာ အဝတ်ပတ်မီးညှိ့ကပ်ပြီးမှ နောက်တစ်ခု ဓါတ်ဆီဘူးမှာ အဝတ်ထည့် မီးလောင်ပြီး အိမ်အမိုး သွပ်ပြားပေါ်ကို လာရှို့တာ။ အဲဒါနဲ့ မီးထလောင်လာတော့ ကျနော်တို့ မိသားစု အားလုံး ပြန် ငြိမ်းသတ်နိုင်ခဲ့တယ်။ ဘေးနားက အိမ်တွေလည်း လာကူတာရှိတယ်။”

ယနေ့ နံနက်မှာပင် လူမရှိ အိမ်နီးချင်း တရုတ်အိမ် ဝက်ခြံအတွင်း မွေးထားသော ဝက် ၃ ကောင်အနက် ၂ ကောင် ကိုလည်း ထိုးသတ် ယူဆောင်သွားသည်ဟု ပြောပါသည်။

အကျိုးကြောင်းကို နံနက်မှာတင် တပ်မတော်မှ ဗိုလ်မှုး တစ်ဦးအပါအဝင် ရက်ကွက် အုပ်ချုပ်ရေးမှုးများ လာရောက် ကြည့်ရှု့ မှတ်တမ်းတင်လာ ခဲ့ကြောင်း သိရသည်။

သင်းအုပ် ဆရာ ဘရန်အောင် တို့ မိသားစုဝင် ၉ ဦးသည် လွန်ခဲ့သည့် စနေနေ့မှ စပြီး မုံးကိုမြို့တွင် ပြန်လည် ဝင်ရောက်နေထိုင် နေပြီဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအပြီး တစ်ဖက် မန်ဟိုင်း တရုတ်အာဏာပိုင်များမှ မုံးကိုမြို့ဘက် ပြန်လာနိုင်ကြောင်း အခွင့်ပေးပြီးနောက် ဒီဇင်ဘာ ၁၀ မှ ဒေသခံအချို့ မိမိ အိမ်ကို ပြန်လာနေပြီ ဖြစ်သည်။ သို့သော်လည်း အများစုမှာ နေ့ပြန်လာပြီး ည မန်ဟိုင်းဘက်ကို ပြန်သွား အိပ်ကြောင်း သိရသည်။

ထို့အပြင် မြို့ပြင်ဘက်ရှိ ပြည်သူ့ နေအိမ်များအတွင်း မြန်မာစစ်သားများ အဖွဲ့လိုက် ဝင်လာပြီး အခြေအနေကို ပုံမှန် လာရောက် အကဲခတ်မှုများ ရှိနေသည်ဟု ပြန်လည် ဝင်ရောက်နေထိုင်သူ ဒေသခံ တစ်ဦး က ဆိုပါသည်။

ဒီဇင်ဘာ ၃ ရက်ည Northern Alliance-Burma မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုများ ထွက်ခွာသွားပြီးနောက် မုံးကို မြို့ကို မြန်မာစစ်တပ်မှ ပြန်လည် ထိန်းချုပ် နိုင်ခဲ့ပြီး လက်ရှိ မြို့ကို လုံခြုံရေး အပြည့်ယူထားကြောင်း သိရပါသည်။

Kachin News Group
http://burmese.kachinnews.com
မုံးကို ခရစ်ယာန် သင်းအုပ်ဆရာ နေအိမ် မီးရှို့မှု ခံရ မုံးကို ခရစ်ယာန် သင်းအုပ်ဆရာ နေအိမ် မီးရှို့မှု ခံရ Reviewed by THITHTOOLWIN on 18:25 Rating: 5
Powered by Blogger.