တီဘီရောဂါသည် ပြည့်တန်ဆာအဖြစ် ခိုင်းစေခံရ

တီဘီရောဂါဖြင့် ဆေးကုသရန်လာသူ အမျိုးသမီးကို ပြည့်တန်ဆာအဖြစ် ခိုင်းစေ၍ ခေါင်းပုံဖြတ်သူ ၄ ဦးအား အမှုဖွင့် အရေးယူ
တီဘီရောဂါကြောင့်ဆေးကုသရန်လာရောက်သည့် အသက် ၃၂နှစ်အရွယ် အမျိုးသမီးကို ပြည်တန်ဆာအဖြစ်ခိုင်းစားသူများအား ဘုရင့်နောင်နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ စမ်းချောင်းမြို့နယ်နေထိုင်သူ အသက် ၃၂နှစ်အရွယ် အမျိုးသမီးတဦးသည် ပြီးခဲ့သည့် ၂၀၁၅ ဇူလိုင်လက တီဘီရောဂါဖြင့်ဆေးကုသမှုခံယူရန် မရမ်းကုန်းမြို့နယ်ရှိဆေးခန်းသို့ လာရောက်စဉ် မအေးမာဆိုသူနှင့်တွေ့ဆုံခဲ့ပြီး မအေးမာက ၎င်းတွင်စားသောက်ဆိုင်ရှိပြီး ယင်းဆိုင်တွင် အလုပ်လုပ်ကိုင်မည်ဆိုပါက ကျပ်နှစ်သောင်းပေးမည်ဟုဆိုကာ ယုံကြည်အောင်ပြောဆိုသဖြင့် လိုက်ပါခဲ့ကြောင်း၊ မအေးမာ၏အိမ်တွင်နေထိုင်စဉ် မအေးမာ၏မောင် တင်မောင်လတ်ဆိုသူက ပြည့်တန်ဆာဖြစ်စေခိုင်းသဖြင့် ၁၅ ရက်ခန့်လုပ်ကိုင်ခဲ့ရပြီး ရရှိသည့်ငွေများကိုလည်း တင်မောင်လတ်က ရယူထားကာ ထွက်ပြေးပါက ရိုက်နှက်ပြီးထောင်သိုပို့မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ကာယကံရှင် အမျိုးသမီး၏တိုင်ကြားထွက်ဆိုချက်အရ သိရသည်။

ယင်းနောက် မအေးမာကလည်း အဆိုပါအမျိုးသမီးကို ပခုက္ကူမြို့ ၊ မြင်သာရပ်ကွက်ရှိ ဒေါ်ရင်ရင်စိုးနှင့် ၎င်း၏ခင်ပွန်းထံသို့ ငွေကျပ် ၃ သိန်းယူ၍ ပို့ဆောင်ခဲ့ကြောင်း၊ ဒေါ်ရင်ရင်စိုး၏နေအိမ်မှာ ပြည့်တန်ဆာအိမ်ဖြစ်ပြီး ၎င်းအားလည်း ပြည့်တန်ဆာအဖြစ်စေခိုင်းခြင်းကြောင့် ၅ လခန့်လုပ်ကိုင်ခဲ့ရသည်ဆိုသည်။

ရရှိသည့်ငွေများကိုလည်း အိမ်ရှင်လင်မယားနှစ်ဦးကရယူခဲ့ပြီး မလုပ်ကိုင်လိုသဖြင့် ထွက်ပြေးရာတွင် ဆိုင်ကယ်ဖြင့်လိုက်လံဖမ်းဆီးကာ ရိုက်နှက်ပြီး ပြည်တန်ဆာအဖြစ် ဆက်လက်ခိုင်းစေခဲ့ကြောင်း၊ နောက်ဆုံးတွင် မိမိမှာ တီဘီရောဂါဖြင့် ကျန်းမာရေးမကောင်းကြောင်း ပြောဆိုတောင်းပန်ခဲ့ရာမှ ပြန်လာခွင့်ရခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထိုသို့ မိမိကို ပြည့်တန်ဆာအဖြစ်ခိုင်းစေကာငွေကြေးခေါင်းပုံဖြတ်ခဲ့သူများအား အရေးယူပေးရန် ဒီဇင်ဘာ ၂၅ ရက်နေ့က တိုင်ကြားသောကြောင့် မအေးမာ၊ တင်မောင်လတ်၊ ဒေါ်ရင်ရင်စိုးနှင့်၎င်း၏ခင်ပွန်းတို့ ၄ ဦးကို ဘုရင့်နောင်နယ်မြေရဲစခန်းက (ပ) ၁၀၅၀/၁၆ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ကိုရဲ
News Watch
https://www.facebook.com/NewsWatchJournal/
တီဘီရောဂါသည် ပြည့်တန်ဆာအဖြစ် ခိုင်းစေခံရ  တီဘီရောဂါသည် ပြည့်တန်ဆာအဖြစ် ခိုင်းစေခံရ Reviewed by THITHTOOLWIN on 19:25 Rating: 5
Powered by Blogger.