တ/ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီအား ရန်ပြုခံရသောအမှုအား တဖက်မှ ရန်ပြုသူဟု ယူဆရသူ ၅ ဦးနှင့် ကားတစင်းကို ဖမ်းဆီးရရှိဖြစ်ကြောင်း တောင်ဒဂုံမြို့နယ်၊ မြို့မရဲစခန်းမှ သိရသည်။
ဖမ်းဆီးရမိသူများကို ယနေ့ ဒီဇင်ဘာလ ၁၂ ရက်၊ ညနေပိုင်းတွင် တောင်ဒဂုံမြို့နယ်၊ မြို့မရဲစခန်း၌ စစ်ဆေးနေပြီး အသေးစိတ်အချက်အလက်များကို ပြောဆိုနိုင်ခြင်း မရှိသေးကြောင်းကိုလည်း တာဝန်ကျရဲအရာက News Watch သို့ပြောသည်။
တ/ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီ ရန်ပြုခံရမှုနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ဒီဇင်ဘာ ၁၂ ရက် ညနေ ၅ နာရီအချိန်က
တ/ဒဂုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဖြစ်စဉ်နဲ့ပတ်သက်၍ ၄င်းနှင့်အတူ တ/ဒဂုံ NLD အလုပ်အမှုဆောင် ဦးမြင့်ဝင်း၊တ/ဒဂုံ ၁၇ ရပ်ကွက် NLD ဥက္ကဌ ဦးကြည့်မြင့်တို့ ၃ ဦးသည် ဒီဇင်ဘာ ၁၁ ရက် ည ၁၀ နာရီဝန်းကျင်တွင် လေးထောင့်ကန်မှ အပြန် taxi အနက်တစီးမှ လူအင်အားအပြည့်ဖြင့် အသက်အန္တရာယ်ပြု လုပ်ကြံမှုတခု ကြုံတွေ့ခဲ့ရခြင်းဖြစ်ကြောင်း ဦးညီညီ က ရှင်းပြသည်။
ယင်းသို့ ရန်ပြုခံရစဉ် ရဲစခန်းသို့ ချက်ချင်း အကြောင်းကြားခဲ့ကြောင်းနှင့် စခန်းဖုန်းသို့ ၃ ကြိမ်ခေါ်ကာ အကူအညီတောင်းခဲ့သော်လည်း ရဲစခန်း၏ အကူအညီကို မရရှိခဲ့ကြောင်း ၄င်းကပြောသည်။
" ကျွန်တော် နောက်ကြည့်မှကနေတွေ့လိုက်ရတာက ကားတစီးမီးထိုးပြီးမောင်လာတယ်။ ကျနော်တို့ကားနဲ့ ဘေးချင်းယှဉ်နေတဲ့အချိန် ကျွန်တော်တို့ကို မကြားဝံ့မနာတာကို ဆဲတယ်ပေါ့။ သတ်မယ်ဖြတ်မယ်ဆိုတာမျိုးပေါ့။ အော်သူတို့ကားကို ကျော်လို့ပဲလို့ သတ်မှတ်တာပေါ့ အဲဒါနဲ့သူတို့ကားက ရှေ့ရောက်သွားတယ်။အဲအချိန်မှာ ကျွန်တော်တို့ ကားရှေ့မှာ ပိတ်ရပ်လိုက်တယ်။ကျွန်တော်တို့ကားကိုရပ်ခိုင်းတယ်၊ဆင်းခိုင်းတယ်။ဒါဆိုရင်တော့ သာမန်ဖြစ်ရိုးဖြစ်စဉ်မဟုတ်တော့ဘူးဆိုပြီး သူတို့ကားကို ခက်ခက်ခဲခဲကျော်ပြီး မောင်းထွက်လာခဲ့တယ်။ တဖက်ကလည်း ရဲစခန်းကို ကျွန်တော်ကို ညီညီပါလွှတ်တော်ကိုယ်စားလှယ်ပါလို့ ပြောပြီး ဖုန်းဆက်တယ်။ သူတို့ကလည်း သိတယ်ကိုညီ သိတယ်တဲ့။ ကားအနက်တစီး taxi နံပါတ်က ဘယ်လောက်ဆိုပြီး သေသေချာဖုန်းဆက်ပြောခဲ့တယ်။ အစတော့ ဖြစ်ရိုးဖြစ်စဉ်ထင်ပေမဲ့ ခုဟာက လူအပြည့်နဲ့ အသက်အန္တရာယ် ပြုနေတဲ့သဘောရှိတယ်ဆိုပြီး မီးတန်းကားလေး လာပေးလို့ ပြောလိုက်ပါတယ်။ ဒါနဲ့ သူတို့ကားပေါ်က မဆင်းခင်မှာ ကျွန်တော် သူတို့ကားကို ကျော် တတ်ပြီး မောင်းပြေးတယ်။ နောက်က ထပ်လိုက်တယ်။ ကျွန်တော် ထပ်ဆက်တယ်။ ဆရာတို့ ထွက်လာပေးပါလို့ ဖုန်းဆက်တယ်။ ဒါပေမဲ့ နောက်ဆုံး အသက်နဲ့ရင်းပြီး ရဲစခန်းကိုမောင်းခေါ်ခဲ့ရတယ်'ဟု ဦးညီညီ ကပြောသည်။
၎င်းတို့ကားအား ရန်ပြုသည့်ကားကို အပါခေါ်ပြီး ရဲစခန်းသို့ အပြေးနှင်မောင်းခဲ့သော်လည်း ရဲစခန်းတံခါးပိတ်ထားသည်ကိုတွေ့ခဲ့ရကြောင်း၊ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၄/၅ ဦးခန့် စခန်းရှေ့မှ ပိတ်စောင့်နေပါက တရားခံအား ဖမ်းမိနိုင်ကြောင်းနှင့် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ထွက်လာမှသာ အဆိုပါကားမှာ ပြန်လှည့်မောင်းသွားခဲ့ကြောင်း ဦးညီညီ ကဆက်ပြောသည်။
အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုနှင့်ပတ်သက်၍ ဦးညီညီက တရားလိုလုပ်ကာ တောင်ဒဂုံမြို့နယ်၊ မြို့မရဲစခန်းတွင် မှုဖွင့်တိုင်တန်းခဲ့ရာ ပ/၂၁၉၅ ပုဒ်မ ၂၉၄၊၅၀၆၊ ၁၁၄ ပုဒ်မတို့ဖြင့် အမှုလက်ခံခြင်းဖြစ်ကြောင်းယင်းသတင်းစာရှင်းလင်းပွဲမှသိရသည်။
လင်းလင်းအောင်
News Watch
https://www.facebook.com/NewsWatchJournal/
လွှတ်တော်ကိုယ်စားလှယ်အား ရန်ပြုခဲ့သည်ဟု ယူဆရသူ ၅ ဦးနှင့်ကားကို ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
22:01
Rating: