![]() |
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး |
ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ မုံးကိုးမြို့အတွင်း တိုက်ပွဲများပြင်းထန်မှုကြောင့် မုံးကိုးတွင် တာဝန်ထမ်းဆောင်နေသည့် ပညာရေးဝန်ထမ်းများသည် မူဆယ်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာကြကြောင်း ကာယကံပရဟိတ ဖောင်ဒေးရှင်း(မူဆယ်)ထံမှ သိရသည်။
“ဒေသခံတွေ တော်တော်များများကတော့ တရုတ်ပြည်ဘက်ကို ထွက်ပြေးကြတယ်။ ပညာရေး ၀န်ထမ်းတွေကတော့ ကျွန်တော်တို့ဘက်ကို တက်လာတယ်။ သူတို့ကို မြို့ပေါ်က အ.ထ.က(၂)ကျောင်းမှာ နေရာချထားပေးပါတယ်။”ဟု ကာယကံပရဟိတ ဖောင်ဒေးရှင်း(မူဆယ်)မှ ဦးစိန်လင်းက ပြောသည်။
လက်ရှိတွင် မုံးကိုးမြို့အတွင်း ဖြစ်ပေါ်နေသော တိုက်ပွဲများကြောင့် ဒေသခံများမှာ တရုတ်ပြည် မန်ဟိုင်းမြို့တွင် စစ်ဘေးရှောင် ဒုက္ခသည်များအဖြစ် သွားရောက်ခိုလှုံနေကြရကြောင်း သိရသည်။
“ မူဆယ်ဘက်မှာက တဖြည်းဖြည်းတည်ငြိမ်လာပြီ။ မုံးကိုးမြို့မှာတော့ ဖြစ်နေတော့ အဲဒီဘက်မှာတော့ တိုက်ပွဲအရှိန် နည်းနည်းမြင့်တယ်။ အဲဒီဘက်ကနေ စစ်ဘေးရှောင်လာတဲ့ သူတွေကတော့ ဒီဘက် မူဆယ်မြို့ပေါ်ကိုပါ တဖြည်းဖြည်းရောက်လာတယ်။ ”ဟု မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မင်းက ပြောသည်။
မုံးကိုးမြို့ရှိ နယ်မြေတည်ငြိမ်အေးချမ်းရန် လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စခန်း၊ ပြည်သူ့စစ်စခန်းနှင့် ဟေမိုးလုံ တောင်ဘက်ခြမ်းနေရာများအား ဒီဇင်ဘာ(၁)ရက် နံနက်(၉)နာရီမှစ၍ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များက သာလွန်အင်အားဖြင့် အကြိမ်ကြိမ် ကျားထိုးခြင်း၊ နှောင့်ယှက်ပစ်ခတ်ခြင်းများ ဆောင်ရွက်ခဲ့သဖြင့် တပ်မတော်စစ်ကြောင်းများက ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ခဲ့ရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ထားသည်။
ဖူးပွင့်သူ
SKY Land News & Entertainment Media
https://www.facebook.com/skyland.news/
မုံးကိုးတွင် တိုက်ပွဲပြင်းထန်မှုကြောင့် ပညာရေးဝန်ထမ်းများ မူဆယ်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာ
Reviewed by THITHTOOLWIN
on
18:50
Rating:
