ဖားကန့်တွင် မြေစာပုံ အဟောင်းတစ်ခုပြိုကျ လူနှစ်ဦးသေဆုံး


ဖားကန့်မြို့နယ်အတွင်းရှိ မြေစာပုံအဟောင်းတစ်ခုပြိုကျမှုတစ်ခုဖြစ်ပွားခဲ့ကာ အဆိုပါ မြေစာပုံပြိုကျမှု ကြောင့် လူနှစ်ဦးသေဆုံးခဲ့ကြောင်း ဖားကန့်မြို့နယ် သင်္ခါရလူမှုကူညီရေးအသင်းထံက သိရသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝေခါကျေးရွာအတွင်းရှိ မြေစာပုံအဟောင်းတစ်ခုသည် ဒီဇင်ဘာလ (၁၃) ရက်နေ့ နံနက် ၂ နာရီအချိန်ခန့်တွင် ပြိုကျမှုတစ်ခုဖြစ်ပွားခဲ့ကာ၊ ရေမဆေးကျောက်ရှာသမားဟု ယူဆရ သည့် လူနှစ်ဦး မြေစာပုံပိ၍ သေဆုံးသွားခဲ့ရကြောင်းနှင့် အဆိုပါ သေဆုံးသွားသည့် အလောင်း နှစ်လောင်းကို လည်း ဆယ်ထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း ဝေခါကျေးရွာရှိ သင်္ခါရလူမှုကူညီရေးအသင်းရုံးမှ တာဝန်ရှိသူတစ်ဦးထံက သတင်းရရှိသည်။

‘’ အပြင်မှာ လူ ၅၀ လောက် သေသွားတယ်လို့ ဘာတို့ ပြောနေတာ မဟုတ်ပါဘူး၊ ကျွန်တော်တို့က နာ ရေးကူညီမှုအသင်းဆိုတော့ အတိအကျသိရပါတယ်၊ အခုအချိန်ထိကို လူသေအလောင်း ၂ လောင်းပဲ ရှိပါသေး တယ်၊ ပျောက်ဆုံးတာတို့ ပါသွားတာတို့လည်း မရှိပါဘူး၊ ပြီးတော့ မြေစာပုံက အခုဒီနှစ်မှ ပုံတဲ့ မြေစာပုံလည်း မ ဟုတ်ပါဘူး ဟိုးအရင်နှစ်တွေထဲက ပုံနေတဲ့ မြေစာပုံအဟောင်းပါ၊ ‘’ ဟု အဆိုပါ တာဝန်ရှိသူက ပြောပြသည်။


ကချင်ပြည်နယ်အတွင်းရှိ ကျောက်စိမ်းမြေ ဖားကန့်တွင် လာရောက်၍ ကျောက်မျက်ရတနာတူးဖော်ရေး လုပ်ငန်းလုပ်ကိုင်လျှက်ရှိသည့် ကုမ္ပဏီပေါင်း ၃၀၀ ကျော်ထိရှိနေပြီး၊ အဆိုပါ ကုမ္ပဏီများမှ စွန့်ပစ်သည့် မြေစာပုံ များ ပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူများ၊ အနီးရှိ ဒေသခံပြည်သူများသည် မကြာခဏဆိုသလို သေ ကြေပျက်စီးမှုများ ခံစားနေကြရကြောင်း ဒေသခံများထံက သိရသည်။

‘’ အသက်တွေနဲ့ ရင်းပြီး ကျောက်ရှာနေတဲ့ သူတွေရှိတယ်၊ နောက် ကျွန်တော်တို့လို ဒေသခံပြည်သူ တွေရှိတယ်၊ ဒါကို ကုမ္ပဏီတွေက မသိကျိုးကျွံပြုပြီး သူတို့ အကျိုးအမြတ်ရရေးပဲ အဓိကထားပြီး အလွန်အကျွံ တူးဖော်မှုတွေ လုပ်နေတယ်၊ ဒါတွေကို အမြန်ဆုံးရပ်တန့်ပေးဖို့ လိုပါတယ်၊’’ ဟု ဖားကန့်မြို့နယ် ဒေသခံ ဦးလန် နန်က ပြောပြသည်။ အဆိုပါ ဖားကန့်ဒေသတွင် လုပ်ကိုင်နေကြသည့် ကုမ္ပဏီများ၏ ကျောက်မျက်ရတနာ ရရှိရေး အလွန် အကျွံတူးဖော်မှုများ ရပ်တန့်ရေးနှင့် ကျောက်မျက်ဥပဒေ ပြင်ဆင်ပေးရေးတို့အတွက် ဒေသခံများ၊ ကျောက်သ မားများသည် ဖားကန့်၊ ခန္ဒီးနှင့် မန္တလေးတို့တွင် ဆန္ဒပြတောင်းဆိုမှုများအား ပြုလုပ်ခဲ့ကြသေးသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ဖားကန့်တွင် မြေစာပုံ အဟောင်းတစ်ခုပြိုကျ လူနှစ်ဦးသေဆုံး ဖားကန့်တွင် မြေစာပုံ အဟောင်းတစ်ခုပြိုကျ လူနှစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 17:32 Rating: 5
Powered by Blogger.