ဝိုင်းမော်ကားလမ်းမှာနေကြတဲ့ ဒုက္ခသည်တွေ စခန်းကိုပြန်

ဇိုင်းအောင်စခန်းကနေထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ပြေးဒုက္ခသည်တွေ ဝိုင်းမော်မြို့သွားတဲ့ကားလမ်းမပေါ်မှာ စုဝေးနေကြစဉ်။ Photo: Joint Strategy Team - JST
အစိုးရနဲ့ ကေအိုင်အေတိုက်ပွဲတွေကြောင့် ဇိုင်းအောင်ဒုက္ခသည်စခန်းကနေ ဝိုင်းမော်ကားလမ်းမမှာ ၂ ရက်ကြာ ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည် ၂၀၀၀ ကျော်ထဲက တဝက်လောက်ဟာ ဒီကနေ့ ဒုက္ခသည်စခန်းကို ပြန်သွားကြပါတယ်။

လက်နက်ကြီး ပစ်ခတ်သံတွေ မကြားရတော့တာကြောင့် ပြန်သွားကြတာဖြစ်တယ်လို့ ဇိုင်းအောင်ဒုက္ခသည် စခန်းမှာ နေထိုင်တဲ့ ဦးလေဒ့်အောင်က ပြောပါတယ်။

"မနေ့ကတော့ ဗုံးသံတွေ၊ အမြှောက်ဗုံးသံတွေကြားရတယ်။ ကျည်သံပေါ့နော်။ ဒီနေ့တော့ မကြားမိဘူး။ တချို့က အခြေအနေမဆိုးတော့ဘူးပေါ့။ အိမ်မှာပဲပြန်အိပ်နေတယ်။ Camp အုပ်ချုပ်ရေးမှူးတွေကတော့ အိမ်ပြန်အိပ်ကြလို့ ပြောတယ်။ အခြေအနေက ဘာမှမဖြစ်တော့ဘူး အိမ်ပြန်အိပ်ကြလို့တော့ ပြောတယ်။"

အခုလ ၂၇ ရက်နေ့ညက ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းက ဇိုင်းအောင်ဒုက္ခသည်စခန်းကို လက်နက်ကြီး ကျရောက်တာကြောင့် စခန်းအတွင်းနေထိုင်သူတွေက စခန်းနဲ့ ၂ မိုင်ခန့် အကွာအဝေးက ဝိုင်းမော်ကားလမ်းဘေး မှာ နေထိုင်နေခဲ့ကြတာ ဖြစ်ပါတယ်။

ဒီနေ့မနက်ကစတင်ပြီး လက်နက်ကြီး ပစ်သံတွေမကြားရတာကြောင့် အခြေအနေအေးဆေးသွားပြီးလို့ ယူဆပြီး ပြန်ကြသူတွေရှိလာတာ ဖြစ်တယ်လို့ပြောပါတယ်။ တချို့ကတော့ မနက်ဖြန်အထိ အခြေအနေစောင့် ကြည့်ပြီးမှ ဇိုင်းအောင်ဒုက္ခသည်စခန်းကို ပြန်ဖို့နဲ့ ရှေ့ဆက်သွားဖို့ကို စဉ်းစားရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
ဝိုင်းမော်ကားလမ်းမှာနေကြတဲ့ ဒုက္ခသည်တွေ စခန်းကိုပြန် ၀ိုင်းမော်ကားလမ်းမှာနေကြတဲ့ ဒုက္ခသည်တွေ စခန်းကိုပြန် Reviewed by THITHTOOLWIN on 19:50 Rating: 5
Powered by Blogger.