ငြိမ်းချမ်းရေးရန်ပုံငွေကို ခြွေတာဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

ရန်ကုန်မြို့ NRPC ရုံးမှာ ဒီဇင်ဘာလ ၂၈ ရက်နေ့က ကျင်းပပြုလုပ်တဲ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိုနှိုင်းရေးအဖွဲ့ JBC အစည်းအဝေးကို တက်ရောက်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။ Photo: Myanmar State Counsellor Office/ Facebook
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ရန်ပုံငွေတွေဟာ အစိုးရပိုင်မဟုတ်ပဲ နိုင်ငံသူ နိုင်ငံသားအားလုံးက ပိုင်ဆိုင်တဲ့ ငွေကြေးဖြစ်တဲ့အတွက် စိစစ်သုံးစွဲကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ညွှန်ကြားလိုက်ပါတယ်။

ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ရုံးမှာ ဒီနေ့ ပြုလုပ်တဲ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ် ညှိုနှိုင်းရေးအဖွဲ့ JBC အစည်းအဝေးမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောသွားတာဖြစ်တယ်လို့ သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးဇော်ဌေး က ပြောပါတယ်။

"အဲဒီ ပိုင်သွားတဲ့ဟာကို နိုင်ငံသူ နိုင်ငံသား အားလုံးပိုင်သွားတဲ့ ရန်ပုံငွေတွေကို ကျနော်တို့သုံးစွဲတဲ့အခါမှာ မလုံမလောက် မလောက်မငှဖြစ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထိခိုက်တာမျိုးမဖြစ်ဖို့လိုသလိုမျိုး၊ ဗုံးပေါလအော ပေါ့ သုံးစွဲလို့ မလိုအပ်တဲ့ အပိုကုန်ကျမူတွေကြောင့် ဒီတချို့ အလေအလွင့်တွေဖြစ်တာမျိုးတွေ မဖြစ်စေဖို့ ဒီနှစ်ခုကို ဒီ JBC လို့ခေါ်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိုနှိုင်းရေးအဖွဲ့ က စိစစ်ပြီးတော့ သဘောတူဆုံးဖြတ်သွားဖို့ဆိုတဲ့ ဒီဟာကို လမ်းညွှန်ပါတယ် "

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိုနှိုင်းရေးအဖွဲ့ JBC မှာ ဥက္ကဌ တာဝန်ကို ယူထားတာဖြစ်ပါတယ်။

JBC မှာ အစိုးရ၊တပ်မတော်၊လွှတ်တော်ဘက်က ကိုယ်စားလှယ် ၈ဦး၊ NCA အပစ်ရပ်စာချုပ် လက်မှတ် ထိုးထားတဲ့ အဖွဲ့တွေဘက်က ၄ ဦး၊ NCA စာချုပ် လက်မှတ်မထိုးထားတဲ့ UNFC အဖွဲ့က ၂ ဦးနဲ့ ၀ နဲ့ မိုင်းလားအဖွဲ့က ကိုယ်စားလှယ် ၂ ဦး စုစုပေါင်း ၁၆ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းကို နိုင်ငံတကာက လာရောက်အကူအညီပေးတဲ့အခါမှာ ကူညီတာသာ ဖြစ်စေလိုပြီး နိုင်ငံတကာက သူတို့လိုချင်တဲ့ ပုံစံအတိုင်း ပံ့ပိုးတာ ထိန်းချုပ်တာမျိုးမဖြစ်စေချင်ဘူးလို့ ပြောခဲ့ကြောင်း အစည်းအဝေး တက်ရောက်ခဲ့တဲ့ KNU အထွေထွေအတွင်းရေးမှုး ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

ဒီနေ့ ကျင်းပတဲ့ ဒုတိယအကြိမ်မြောက် JBC အစည်းအဝေးကို ၀နဲ့ မိုင်းလားအဖွဲ့က ကိုယ်စားလှယ် နှစ်ဦး တက်ရောက်ခဲ့ပေမယ့် NCA အပစ်ရပ်စာချုပ် လက်မှတ်မထိုးထားတဲ့ UNFC အဖွဲ့က ကိုယ်စားလှယ်နှစ်ဦး မတက်ရောက်နိုင်ခဲ့ပါဘူး။

ငြိမ်းချမ်းရေးလုပ်ငန်းတွေအတွက် နိုင်ငံတကာကနေ ကူညီထောက်ပံ့ပေးတဲ့ ငွေကြေးတွေကို လိုအပ်တဲ့နေရာတွေမှာ အဖွဲ့အစည်းအားလုံး ထိရောက်မျှတအောင် အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိုနှိုင်းရေးအဖွဲ့ JBC ကိုပြီးခဲ့တာ ဒီဇင်ဘာလ ၂၀ ရက်နေ့က နေပြည်တော်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ငြိမ်းချမ်းရေးရန်ပုံငွေကို ခြွေတာဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပြော ငြိမ်းချမ်းရေးရန်ပုံငွေကို ခြွေတာဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပြော Reviewed by THITHTOOLWIN on 20:49 Rating: 5
Powered by Blogger.