ဒေါက်တာသန်းထွဋ်အောင်နဲ့ Eleven Media Group ကို အမှုဖွင့်

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နိုဝင်ဘာလ ၉ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ်။ Photo: Htet Arker/ RFA
Eleven Media Group ရဲ့အမှုဆောင်အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင်နဲ့ Eleven Media Group ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပုဒ်မ ၆၆ (ဃ) နဲ့ ရန်ကုန်မြို့ တာမွေမြို့နယ် ရဲစခန်းမှာ အမှုဖွင့်လိုက်ကြောင်း ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ဒီကနေ့ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောလိုက်တာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၆ ရက်နေ့က Eleven သတင်းစာပါ ရွေးကောက်ပွဲ ၁နှစ်ကြာသော် အယ်ဒီတာ့အာဘော် မှာ ဒေါ်လာတစ်သိန်းဝန်းကျင်တန်တဲ့ Patek Phillipe နာရီကို အစိုးရအကူးအပြောင်းမှာ ရန်ကုန်မြို့သစ် စီမံကိန်း အောင်သွားတဲ့ မူးယစ်ဆေးဝါးအမှုနဲ့ မကြာသေးခင်ကမှ ထောင်ကထွက် လာတဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်က ၀န်ကြီးချုပ်ကို ပေးတယ်ဆိုပြီး ရေးသားခဲ့ပါတယ်။

အမည်တွေကိုတော့ ထည့်သွင်းဖေါ်ပြထားခြင်း မရှိပါဘူး။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့က ၀န်ကြီးချုပ်နဲ့ သူဌေးအမည်တွေကို ပြောဖို့ စာပို့ခဲ့ပါတယ်။

သတင်းစာက မီဒီယာကို ဖိအားပေးတယ်ဆိုပြီး နောက်နေ့ သတင်းစာမှာ ဖေါ်ပြခဲ့ပါတယ်။

အဲဒီလိုကိစ္စတွေကို Daily Eleven ဖေ့စ်ဘွတ်စာမျက်နှာနဲ့ ဒေါက်တာသန်းထွဋ်အောင် ဖေ့စ်ဘွတ်စာမျက်နှာမှာ ဆက်တိုက်ရေးသားဖေါ်ပြနေတဲ့အတွက် အခုလို ၆၆(ဃ) နဲ့ တရားစွဲဆိုတာဖြစ်ကြောင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ ၀န်ကြီးချုပ်က သတင်းစာရှင်းလင်းပွဲမှာ အဲဒီနာရီကိစ္စကို မသိကြောင်းနဲ့ အခုသူဝတ်ဆင်ထားတဲ့နာရီဟာ ၀န်ကြီးချုပ် မဖြစ်ခင်ကတည်းက ဇနီးဖြစ်သူ ၀ယ်ပေးထားတဲ့ နာရီဖြစ်ကြောင်း ပြောပါတယ်။

အခု အမှုဖွင့်ထားတဲ့ ပုဒ်မ ၆၆ (ဃ) ဆက်သွယ်ရေးပုဒ်မဟာ မည်သူမဆို ဆက်သွယ်ရေး ကွန်ရက်တစ်ခုခုကို အသုံးပြုပြီး ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက် လှန့်တောင်းယူခြင်း အနိုင်အထက်ပြုခြင်း မတရားတားဆီးကန့်ကွက်ခြင်း အသရေဖျက်ခြင်း နှောက်ယှက်ခြင်း မလျော်သြဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း ပြုလုပ်လျှင် ထိုသူကို ၃ နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒါဏ် ၂ ရပ်စလုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဌာန်းထား ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ဒေါက်တာသန်းထွဋ်အောင်နဲ့ Eleven Media Group ကို အမှုဖွင့်  ဒေါက်တာသန်းထွဋ်အောင်နဲ့ Eleven Media Group ကို အမှုဖွင့် Reviewed by THITHTOOLWIN on 18:52 Rating: 5
Powered by Blogger.