(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်ကို ယာယီပိတ်ထား |
မြန်မာ့တပ်မတော်ရဲ့ စစ်ရေးဖိအားပေးမှုတွေကြောင့် အခုလို တိုက်ရတာဖြစ်တယ်လို့ မြောက်ပိုင်းမဟာမိတ် ညီနောင်များအဖွဲ့က ကြေညာထားပါတယ်။
အများပြည်သူတွေ စစ်ဘေးရှောင်ရှားဖို့အတွက် ရှမ်းပြည်မြောက်ပိုင်း ခရီးသွားလာမှု ဆိုင်းငံ့ထားဖို့ကိုလည်း ဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။
ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်ဒေသတခုဖြစ်တဲ့ မူဆယ်ခရိုင် အတွင်း မှာ ကနေ့မနက် (၃) နာရီခွဲလောက်ကစပြီး မုံးကိုး၊ မုံးပေါ်၊ ဖေါင်းဆိုင် နဲ့ကြူကုတ်(ပန်ဆိုင်း) ဘက်က အစိုးရစစ်တပ် တပ်စခန်း နဲ့ ရဲစခန်းတွေကို ဒေသတွင်းက ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင် တွေက နေရာခွဲပြီး ဖြန့်ကျက် တိုက်ခိုက်ခဲ့ပါတယ်။
နေရာတချို့မှာ မနက် (၆) နာရီဝန်းကျင်၊ နေရာတချို့မှာ (၇) နာရီ ဝန်းကျင် နဲ့နေရာတချို့မှာ (၉) နာရီကျော်ခန့်အထိ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။
တရုတ်-မြန်မာနယ်စပ် မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန် ကိုတော့ တအောင်း-ပလောင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က အဓိက နေရာယူ တိုက်ခိုက်ခဲ့တာဖြစ်ပြီး KIA လဲ ပါဝင်တယ်လို့ဆိုကြပါတယ်။
မနက် (၆) နာရီလောက်မှာ တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ (၁၀၅) မိုင် ကုန်သွယ်ရေး ဇုန်မှာ ကုန်သည် (၂) ဦး၊ ရဲနဲ့ အကောက်ခွန်ဝန်ထမ်း တချို့ အပါ လူတော်တော်များများ သေနတ်ထိမှန် ဒဏ်ရာရ ခဲ့ပြီး သေဆုံးမှုတွေ ရှိခဲ့ကြောင်း ဒေသခံတွေ ဘက်က သတင်းရရှိ ပါတယ်။
ဒါကြောင့် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်ကို ယာယီပိတ် ထားရကြောင်း သိရပါတယ်။
ရှမ်းမြောက်-မူဆယ်ခရိုင်အတွင်းက ကနေ့ဖြစ်ပေါ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း စုစုပေါင်း (၂) ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူပေါင်း (၂၀)ကျော် ရှိခဲ့ရာ ဒဏ်ရာရသူတွေကို မူဆယ်ဆေးရုံကြီးမှာ တင်ထားရကြောင်း နောက်ဆုံးသိရှိရပါတယ်။
BBC Burmese
http://www.bbc.com/burmese
မူဆယ်ခရိုင် (၁၀၅) မိုင်စခန်းဘက်မှာ တိုက်ပွဲဆက်တိုက်ဖြစ်
Reviewed by THITHTOOLWIN
on
20:51
Rating: