ဆီးရီးယား စစ်သားတွေကို မတော်တဆ ဗုံးကျဲတိုက်ခိုက်မိတဲ့အပေါ် စိတ်မကောင်းဖြစ်ရတယ်လို့ သြစတြေးလျ အစိုးရက ပြောလိုက်ပါတယ်။
အမေရိကန် ဦးဆောင်တဲ့ မဟာမိတ် အဖွဲ့ဟာ ဆီးရီးယားနိုင်ငံအတွင်းက IS အစ္စလာမ်မစ်ကို ဗုံးကျဲတိုက်ခိုက်နေတာ ဖြစ်ပြီး သြစတြေးလျ တိုက်လေယာဉ် ပါဝင်တဲ့ တိုက်ခိုက်မှု တစ်ခုက ဆီးရီးယား စစ်စခန်းကို တိုက်ခိုက်မိတာ ဖြစ်ပါတယ်။
IS ကို တိုက်ခိုက်မယ့်အစား ဆီးရီးယား စစ်စခန်းကို မှားပြီး မတော်တဆ တိုက်ခိုက်မိတယ်လို့လည်း သြစတြေးလျက ဝန်ခံထားပြီး ဆီးရီးယား အစိုးရကို တောင်းပန်ထားသလို သေဆုံးသွားတဲ့ ဆီးရီးယား စစ်သားတွေရဲ့ မိသားစုဝင်တွေကိုလည်း စိတ်မကောင်းကြောင်း ပြောဆိုထားပါတယ်။
သြစတြေးလျ ပါဝင်တဲ့ မဟာမိတ်တပ်ရဲ့ ဝေဟင်တိုက်ခိုက်မှုကြောင့် ဆီးရီးယား စစ်သား ၈၃ ယောက် သေဆုံးခဲ့ရပါတယ်။
ဒီကိစ္စကို အမေရိကန်က စုံစမ်းစစ်ဆေးမှု လုပ်နေပြီး သြစတြေးလျက ပူးပေါင်းမှု လုပ်နေပါတယ်။ သြစတြေးလျ ဝန်ကြီးချုပ်ကလည်း ဒီကိစ္စမှာ ဘယ်သူက ဘယ်သူ့ကို တိုက်ခိုက်ဖို့ ညွှန်ကြားသလဲ၊ အဲလို အမှားတွေ မဖြစ်ရအောင် နောက်နောင် မဟာမိတ် တပ်တွေအကြား ဘယ်လို ပူးပေါင်းသင့်သလဲ ဆိုတာတွေကို စောင့်ကြည့်လေ့လာသွားမယ်လို့ ပြောဆိုထားပါတယ်။
သြစတြေးလျ နိုင်ငံက တသီးပုဂ္ဂလ လွှတ်တော်အမတ် Andrew Wilkie ကတော့ အမေရိကန်လို နိုင်ငံခြားရဲ့ စုံစမ်းစစ်ဆေးမှု အပြင် သြစတြေးလျ အစိုးရကိုယ်တိုင် ဒီကိစ္စကို စုံစမ်းစစ်ဆေးမှု လုပ်သင့်တယ်လို့ တိုက်တွန်းထားပါတယ်။
ဒီကိစ္စမှာ သြစတြေးလျ ဘက်က ပရောဖက်ရှင်နယ် ကျကျ လုပ်ကိုင်ခဲ့တဲ့ကြားက ဖြစ်ခဲ့ရတာလား ဆိုတာ စစ်ဆေးဖို့ Andrew Wilkie က ပြောပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
ဆီးရီးယားစစ်စခန်းကို မတော်တဆ ဗုံးကျဲမိလို့ သြစီဆို
Reviewed by THITHTOOLWIN
on
15:49
Rating:
