နိရဉ္စရာ၊ စက်တင်ဘာ ၃၀
ရက္ခိုင့်တပ်မတော် AA မှ လက်နက်ခဲယမ်းမီးကျောက်များနှင့်အတူ ဖမ်းဆီးခံထားရသည့် ကိုထွန်းထွန်းနိုင်အား စက်တင်ဘာလ ၂၈ ရက်နေ့က ရဲတပ်ဖွဲ့သို့ လွဲပြောင်းပြီးနောက် မတရားအသင်း ပုဒ်မ ၁၇ (၁) တရားစွဲဆို အမှုဖွင့်ထားကြောင်း စစ်တွေအမှတ် (၁) မြို့မရဲစခန်းမှူး ရန်နိုင်လတ်က ပြောသည်။
“ ဟုတ်ပါတယ်။ ရဲစခန်းမှာ အရေးယူထားပါတယ်။ ထွန်းထွန်းနိုင်ကို မတရားအသင်း ဥပဒေ ပုဒ်မ ၁၇ (၁) နဲ့ အမှုဖွင့်ထားပါတယ်။ တပ်မတော် စရဖမှ ဗိုလ်ကြီး တစ်ဦးကနေ စက်တင်ဘာလ ၂၈ ရက်နေ့မှာ ကျွန်တော်တို့ စခန်းကို လွဲပြောင်း ခဲ့တာ ဖြစ်ပါတယ်” ဟု စခန်းမှူက ပြောကြားသည်။
ယခုအခါ ထွန်းထွန်းနိုင်အား ရမန်ယူပြီး စစ်ဆေးနေကြောင်း စခန်းမှူးက ဆက်လက် ပြောဆိုသည်။
ထွန်းထွန်းနိုင် ကို စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၁ နာရီခန့်က ရသေ့တောင်မြို့နယ် လိုင်ဂွင်ကျေးရွာ အနီးတွင် လက်နက် ခဲယမ်းများနှင့် အတူ မြန်မာစစ်တပ်မှ ဖမ်းမိသွားခဲ့သည်။
ထိုသို့ ဖမ်းဆီးမိပြီးနောက် မြောက်ဦး မြတန်ဆောင်း ဆရာတော်နှင့် သူ၏ အစ်မနှစ်ဦး ဖြစ်ကြသည့် ဒေါ်ဦးသန်းယဉ်(ကျီရာပြင်ရွာ)၊ ဒေါ်သန်းသန်းအေး(မင်းဂံ၊စစ်တွေ)တို့ မှ ရခိုင် ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုနှင့် စက်တင်ဘာလ ၂၅ ရက်နေ့က တွေ့ဆုံ၍လည်းကောင်း၊ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းနှင့် စက်တင်ဘာလ ၂၆ ရက်နေ့က တွေ့ဆုံပြီးလည်းကောင်း ထွန်းထွန်းနိုင်အား လက်နက်ခဲယမ်းများနှင့် အတူ ဖမ်းမိခဲ့သော်လည်း တည်ဆဲဥပဒေများနှင့် အညီ အရေးယူရန် မေတ္တာရပ်ခံ တောင်းဆိုခဲ့ကြသည်။
ထိုသို့တောင်းဆိုခဲ့ပြီး သုံးရက်ခန့် အကြာတွင် ထွန်းထွန်းနိုင်အား စစ်တပ်မှ ရဲလက်သို့ လွဲပြောင်း ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးခံထားရသူ ထွန်းထွန်းနိုင် အသက် (၃၅) နှစ်ရှိပြီး (ဘ) ဦးအောင်ကျော်သာ၊ (မိ)ဒေါ်လှစိန်ဖြူတို့၏ သားဖြစ်ပြီး လွန်ခဲ့သော ၅ နှစ်က မြောက်ဦးမြို့နယ်၊ ကျီရာပြင်ကျေးရွာတွင်နေထိုင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။
ခိုင်ခိုင်စံ( စစ်တွေ)
Narinjara
https://www.facebook.com/Narinjara
ရက္ခိုင်မတော်မှ ဖမ်းခံထားရသူ ထွန်းထွန်းနိုင်ကို စစ်တွေရဲမှ ၁၇ (၁) ဖြင့် အမှုဖွင့်
Reviewed by THITHTOOLWIN
on
21:16
Rating:
