ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်က အင်းဝ အပ်ချုပ်ဆိုင်မှာ အိမ်အကူ အလုပ်လုပ်ကိုင်တဲ့ မိန်းကလေး ၂ ဦးကို နှိပ်စက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကြားဝင်ညှိနှိုင်းပေးခဲ့တဲ့ လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် တချို့ကို အရေးယူဖို့အတွက် လွှတ်တော်မှာ အရေးပေါ် ဆွေးနွေးနေကြပါတယ်။
အိမ်အကူ မိန်းကလေး ၂ ဦးကို နှိပ်စက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး အပ်ချုပ်ဆိုင် ပိုင်ရှင် မိသားစုဝင် ၄ ဦးကို ဖမ်းမိထားပြီး ၂ ဦးကို ဆက်လက်ရှာဖွေနေသေးတယ်လို့ ဖေ့စ်ဘွတ်နဲ့ မြန်မာသတင်းတွေမှာ ရေးသားထားပါတယ်။
အိမ်အကူတွေကို ကိုယ်လက်အင်္ဂါ ချို့ယွင်းတဲ့အထိ နှိပ်စက်ခဲ့တာကို လူ့အခွင့်အရေး ကော်မရှင်က ကြားကနေ ညှိနှိုင်းပေးရာမှာ ကျပ်သိန်း ၅၀ နဲ့ ကြေအေးသွားတဲ့ ကိစ္စကိုလည်း မကျေမနပ် ဖြစ်နေတဲ့အတွက် လူ့အခွင့်အရေး ကော်မရှင်က မနေ့တုန်းက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
ဒါပေမဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားတဲ့ ကော်မရှင်ရဲ့ တုန့်ပြန်ချက်တွေကို မကျေနပ်ကြသေးတာကို တွေ့နေရပါတယ်။
အဲဒါကြောင့် ကော်မရှင်အဖွဲ့ဝင်တွေ နှုတ်ထွက်ပေးဖို့ လူမှုကွန်ယက်ပေါ်မှာ တောင်းဆိုမှုတွေရှိသလို၊ ကာတွန်းတွေကလည်း ကော်မရှင်ကို ပျက်ရယ်ပြုနေကြပါတယ်။
အဲဒါ့အပြင် လူ့အခွင့်အရေး ကော်မရှင်ကို ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီကလည်း ကြားနာဖို့အတွက် လွှတ်တော်ဥက္ကဌကတဆင့် ဆင့်ခေါ်ထားတယ်လို့ သိရပါတယ်။
ဒီကနေ့မှာတော့ အရေးကြီး အဆိုအနေနဲ့ လွှတ်တော်မှာ ဆွေးနွေးကြပြီး အဆိုတင်သွင်းချက်ကို လွှတ်တော်အမတ်တချို့က ထောက်ခံတယ်လို့လည်း ကနဦး သတင်းတွေအရ သိရပါတယ်။
အိမ်အကူတွေကို နှိပ်စက်မှု လုပ်တယ်လို့ ယူဆရသူတွေကိုလည်း လူမှုဝန်ထမ်း ဦးစီးဌာနက တရားစွဲဆိုမှု ထပ်မံ လုပ်လိုက်ပါတယ်။
အရင်ရက်တွေတုန်းက လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့သာမက လွှတ်တော် အမျိုးသမီးနဲ့ ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီကပါ တရားလို လုပ်ပြီး အမှုဖွင့်လိုက်ပြီ ဖြစ်ပါတယ်။
နှိပ်စက်မှုတွေ ခံရတဲ့ မသဇင်နဲ့ မစန်းကေခိုင်တို့တွေ ခံစားရတဲ့ ကိုယ်ခန္ဓာ အနာရွတ်တွေနဲ့ စိတ်ဒဏ်ရာတွေ ကုစားပေးဖို့အတွက် ငွေကြေးတွေ ထည့်ဝင်ပြီး ကူညီကြဖို့ လုပ်ဆောင်တာတွေလည်း ရှိနေတာကို အွန်လိုင်းမှာ တွေ့နေရပြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးက စောင့်ရှောက်ထားပြီလို့ သိရပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
လူ့အခွင့်ရေးကော်မရှင် အဖွဲ့တချို့ကို အရေးယူဖို့ လွှတ်တော်ဆွေးနွေး
Reviewed by THITHTOOLWIN
on
16:29
Rating:
