ကျောက်တံတားမြို့နယ်အတွင်း ကလေးသူငယ်များ ညှဉ်းပန်း နှိပ်စက်ခံရမှုနှင့် စပ်လျဉ်း၍ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ စောင့်ကြည့်လျက်ရှိ
နေပြည်တော် စက်တင်ဘာ ၂၂
၁။ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၌ ဖြစ်ပေါ်ခဲ့သည့် ကလေးသူငယ်များ ညှဉ်းပန်း နှိပ်စက်ခံရမှုနှင့် ပတ်သက်၍ တာဝန်သိ ပြည်သူတစ်ဦးက ကျောက်တံတားမြို့နယ် ရဲစခန်းနှင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြားခဲ့ကြောင်း သိရှိရသည်။
၂။ နိုင်ငံတော်သမ္မတရုံးအနေဖြင့် ယင်းဖြစ်စဉ်နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် အဖွဲ့အစည်းတို့အား စိစစ်မေးမြန်းခဲ့ပြီးနောက် ညှဉ်းပန်းနှိပ်စက်ခြင်း ခံခဲ့ရသည့် ကာယကံရှင်များ၊ ယင်းတို့၏ မိသားစုဝင်များနှင့် သတင်းပေး တိုင်ကြားမှု ပြုလုပ်ခဲ့သည့် တာဝန်သိ ပြည်သူတစ်ဦးတို့အား လုံခြုံရေးအရ စောင့်ရှောက်ကာကွယ်မှုများ ဆောင်ရွက်ပေးရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ လည်းကောင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း ခံခဲ့ရသူများ လုံခြုံစွာ နေထိုင်နိုင်ရေးနှင့် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့် ဆွေးနွေးအားပေးမှုများ ဆောင်ရွက်ပေးရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာနသို့ လည်းကောင်း ညွှန်ကြားခဲ့ပြီး ဖြစ်သည်။
၃။ နိုင်ငံတော်သမ္မတရုံး အနေဖြင့် ဤဖြစ်စဉ်နှင့် စပ်လျဉ်း၍ ကျောက်တံတားမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူများ၏ အရေးယူဆောင်ရွက်ခဲ့ပုံ အသေးစိတ် အခြေအနေများကို တင်ပြရန် ပြည်ထဲရေးဝန်ကြီး ဌာနသို့ ညွှန်ကြားထားပြီး၊ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သော မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ ဆောင်ရွက်မှု အခြေအနေများကိုလည်း လေ့လာလျက်ရှိသည့်အပြင် ဖြစ်ပေါ် တိုးတက်မှု အခြေအနေများကို အလေးထား စောင့်ကြည့်လျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
Myanmar President Office
https://www.facebook.com/myanmarpresidentoffice.gov.mm
ကျောက်တံတားမြို့နယ်အတွင်း ကလေးသူငယ်များ ညှဉ်းပန်း နှိပ်စက်ခံရမှုနှင့် စပ်လျဉ်း၍ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ စောင့်ကြည့်လျက်ရှိ
Reviewed by THITHTOOLWIN
on
16:29
Rating:
