အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် အမျိုးသမီးကို လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့က တရားလိုပြုလုပ် အမှုဖွင့်လိုက်ပြီ
အိမ်အကူမိန်းကလေး ၂ဦးအား လူမဆန်စွာ နှိပ်စက်ညှင်းပန်းခဲ့သည့် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် လမ်း ၄၀ အထက်ဘလောက်ရှိ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် အင်းဝအပ်ချုပ်ဆိုင်ရှင်အမျိုးသမီး ဒေါ်စုမွန်လတ်အား မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့က အမှုဖွင့် အရေးယူလိုက်ပြီဖြစ်ကြောင်း သိရသည်။
“အိမ်အကူမိန်းကလေးနှစ်ဦးကို လူမဆန်စွာ နှိပ်စက်မှုနဲ့ ကျောက်တံတားရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ (ပ) ၁၉၃/၂၀၁၆ လူကုန်ကူးမှု ကာကွယ်ရေးဥပဒေ ပြစ်မှုပုဒ်မ ၂၄/၃၂ အရ အမှုဖွင့်ထားတာပါ။ အခုမှ အမှုဖွင့်တယ်ဆိုတာက အွန်လိုင်းပေါ်မှာတက်လာလို့ သိသိချင်း အမှုဖွင့်လိုက်တာပါ။ ပထမတော့ ကျွန်တော်တို့ မသိရသေးဘူးလေ”ဟု ဒုရဲမှူးကြီး ဦးမျိုးသိန်းက ပြောသည်။
လူကုန်ကူးမှ ဒုရဲမှူးကြီး ဦးမျိုးသိန်းကိုယ်တိုင် တရားလိုဖြစ်အမှုဖွင့်တိုင်ကြားခြင်းဖြစ်သည်။
အဆိုပါအမှုနှင့်ပတ်သက်၍ စက်တင်ဘာ ၁၅ ရက်နေ့က မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ရုံးတွင် ဆိုင်ပိုင်ရှင်မိသားစုဝင်များ၊ ညှင်းပန်းနှိပ်စက်ခံ မိန်းမငယ်လေးများနှင့် မိသားစုဝင်များ၊ ကျောက်တံတားမြို့နယ်ရဲစခန်းမှ ရဲအုပ် ဇော်ဝင်းနိုင်တို့ စေ့စပ်ညှိနှိုင်းခဲ့ပြီး လက်ဆယ်ချောင်းလုံးကျိုးသည်အထိ နှိပ်စက်ခံခဲ့ရသူ မစန်းကေခိုင်အတွက် သူမ၏လုပ်ခခစာအပါအ၀င် နစ်နာကြေး ကျပ်သိန်း ၄၀၊ ဓားဒဏ်ရာများစွာရရှိခဲ့သည့် မသဇင်အတွက် လုပ်ခလစာအပါအ၀င် နှစ်နာကြေး ငွေကျပ် ၁၀ သိန်း ပေးအပ်၍ ဖြေရှင်းခဲ့ကြကြောင်း သိရသည်။
ရဲအရေးပိုင်သော ရာဇ၀တ်မှုတခုကို ညှိနှိုင်းဖြေရှင်းခဲ့သော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်တို့၏လုပ်ရပ်မှာ လုပ်ထုံးလုပ်နည်းများနှင့် လွဲချော်နေကြောင်း ရှေ့နေများက ဝေဖန်ထောက်ပြလျက်ရှိသည်။
နိုင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် အမျိုးသမီးကို လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့က တရားလိုပြုလုပ် အမှုဖွင့်လိုက်ပြီ
Reviewed by THITHTOOLWIN
on
17:25
Rating:
