![]() |
အမေရိကန်ပြည်ထောင်စုက အကြီးမာဆုံး နျူကလီးယား စခန်းဖြစ်တဲ့ Kirtland လေတပ်စခန်း |
Kirtland လေတပ်စခန်းထဲက Sandia အမျိုးသားဓါတ်ခွဲခန်းကြီးထဲမှာ နျူကလီးယားလက်နက်လုပ် ပစ္စည်းကရိယာတွေ လည်ပတ်လှုပ်ရှားနေတာ ထုထောင်းနေတာ၊ ပေါက်ကွဲနေတာတွေအထိ တွေ့မြင်နေရပါတယ်။
“ဒါတွေအားလုံးဟာ အစုလိုက်အပြုံလိုက်ရှိနေတဲ့ အမေရိကန်စစ်တပ် နျူကလီးယားလက်နက်တွေကို ခေတ်မှီလာအောင်လုပ်ဆောင်နေတာတွေဖြစ်ပါတယ်။ ဒါဟာ သူတို့ကာကွယ်ရေးဝန်ကြီးဌာနအတွက် ထိပ်တန်းဦးစားပေးလုပ်ငန်းဖြစ်တယ်”လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Ash Carter က အခုလိုပြောပါတယ်။
နျူကလီးယားလုပ်ငန်းတွေဟာ အမေရိကန်လုံခြုံရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ပါတယ်လို့ ပြောသွားတာပါ။
အခုအခါ အမေရိကန်ပြည်ထောင်စုက နျူကလီးယားလက်နက်တွေကို နည်း ၃ နည်းနဲ့ ပစ်ခတ်နိုင်ပါတယ်။ တိုက်ခြင်းပစ်ပဲ့ထိန်းတပ် ဒုံးကျည်တွေနဲ့ မြေပြင်က ပစ်လွှတ်တဲ့နည်း ၊ နျူကလီးယားလက်နက်တွေကို ဗုံးကြဲလေယာဉ် ဒါမှမဟုတ် ဂျက်တိုက်လေယာဉ် တွေမှာ သယ်ဆောင်ပြီး ဝေဟင်က ပစ်ခတ်တဲ့နည်း၊ ရေငုတ်သဘောင်္တွေက သမုဒ္ဒရာထဲမှာ လှည့်လည်ရင်း ရေထဲက ပစ်ခတ်တဲ့နည်းတို့ပဲ ဖြစ်ပါတယ်။ဒါပေမယ့်လည်း ဒီ ၃ နည်းစလုံးဟာ အခုအခါမှာ ခေတ်နောက်ကျသွားပြီဖြစ်တဲ့အတွက် ခေတ်မှီအောင်ပြန်လုပ်ဖို့လိုအပ်လာနေပါပြီ။ ဒီဓါတ်ခွဲခန်းတွေထဲမှာ အခုထုတ်လုပ်နေတဲ့ ဗုံးအသစ်တွေကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာကတည်းကရှိလာတဲ့ပညာတွေကို ခေတ်သစ်ပစ္စည်းတွေတပ်ဆင်ပြီး ခေတ်မှီအောင်လုပ်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၂၀ ပြည့်လောက်ကျမှ သုံးနိုင်တဲ့အဆင့်ကိုရောက်ရှိလာပါလိမ့်မယ်။
တိုက်ခြင်းပစ်ပဲ့ထိန်းတပ် ဒုံးကျည်စနစ်ကိုတော့ လုံးဝအသစ်အဆန်းဖြစ်လာအောင်ပြန် ပြင်ရမှာဖြစ်တယ်လို့ လုံခြုံရေးသိပ္ပံနဲ့ နည်းပညာဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးဟောင်း William Schneider ကအခုလိုပြောပါတယ်။
“ဒီဟာတွေက ဟိုတုန်းကတော့ အဆင့်အမြင့်ဆုံးဖြစ်ခဲ့တယ် floppy disks တွေ အခုရှေးဟောင်းပစ္စည်း ရောက်နေတဲ့ ကွန်ပြူတာတွေနဲ့ သုံးနေရစဲပါ။”
အမေရိကန်ကာကွယ်ရေးဝန်ကြီး Ash Carter ကတော့ အမေရိကန်ပြည်ထောင်စုဟာ နျူကလီးယားလုပ်ငန်းကို ပစ်ပယ်ထားခဲ့တာ နှစ်အတန်ကြာခဲ့ပြီလို့ ဆိုပါတယ်။
“ဒါတွေကို အစောပိုင်းကမလုပ်ခဲ့တာက ရှင်းရှင်းပြောရရင် လွန်ခဲ့တဲ့ ၁၅ နှစ်လုံးလုံး အီရတ်ပြဿနာ ၊ အာဖဂန် ပြဿနာတွေနဲ့ အလုပ်ရှုပ်နေခဲ့တယ်။”
အမေရိကန်ပြည်ထောင်စုဟာ ဒီလို နှောင့်နှေးကြန့်ကြာနေတဲ့အတွက် တခြား နျူကလီးယားအင်အားကြီးနိုင်ငံတွေထက် ခေတ်နောက်ကျ ကျန်ရစ်ခဲ့ပြီလို့ ကျွမ်းကျင်သူတချို့ကဆိုပါတယ်။
လက်ထောက် နိုင်ငံခြားရေးဝန်ကြီးဟောင်း William Schneider က အခုလိုပြောတာပါ။
“ကျနော်တို့ရဲ့ နျူကလီးယားခေတ်မှီရေးအစီအစဉ်ဟာ ရရှားနဲ့ တရုတ်တို့ရဲ့ ခေတ်မှီရေးအစီအစဉ်ပြီးမြောက်လို့ နောက်အနှစ် ၂၀ ကြာမှပဲ ပြီးပြည့်စုံပါလိမ့်မယ်။”
တခြားကျွမ်းကျင်သူတွေက နျူကလီးယားခေတ်မှီရေးအစီအစဉ်ကို အခုပဲ လုပ်ရတော့မယ်။ မလုပ်ရင် အမေရိကန်ပြည်ထောင်စု နျူကလီးယားယန္တရားဟာ မထိရောက်ပဲ အားမထားလောက်အောင် ဖြစ်သွားလိမ့်မယ်လို့ ဆိုနေကြပါတယ်။ကြည်း၊ရေ၊ လေ ၃ နည်းစလုံးနဲ့ ပြင်ဆင်ထားတဲ့ နျူကလီးယား စစ်ဟန့်တားရေးဆိုတဲ့ ဒီအပိုင်းအားလုံးဟာ နောင်လာမယ့် ဆယ်စုနှစ်မှာ အသုံးပြုလို့ ရနိုင်တော့မှာမဟုတ်ဘူးလို့လည်းပြောနေကြကြောင်းပါ။
ဦးကျော်ဇံသာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
အမေရိကန် နျူကလီးယားလက်နက်တွေ ခေတ်နောက်ကျနေပြီ
Reviewed by THITHTOOLWIN
on
08:53
Rating:
