ဇီကာရောဂါနဲ့ ဆက်စပ်တဲ့ လေ့လာမှု တစ်ခုအရ ကမ္ဘာ့လူဦးရေ ၃ ပုံ တစ်ပုံဟာ ဇီကာရောဂါရဲ့ အန္တာရာယ်ကို ကြုံရနိုင်တယ်လို့ ဆိုပါတယ်။
ဒါဟာ လူအယောက်ပေါင်း ၂.၅ ဘီလီယံက ဇီကာရဲ့ ရန်ကို ကြုံရနိုင်တဲ့ သဘောဖြစ်ပြီး အဲဒီလူတွေ နေထိုင်ရာ အရပ်ဒေသကြောင့် ဖြစ်ရတာလို့ ဆိုပါတယ်။
ဇီကာရောဂါနဲ့ ပတ်သက်ပြီး ကမ္ဘာ့အရေးပေါ် ကျန်းမာရေးအခြေအနေအဖြစ် သတ်မှတ်ထားတာကြောင့် ပညာရှင်တွေက သုတေသနတွေ လုပ်နေကြသလို ရောဂါ ပြန့်ပွားလာရင် ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ၊ ရောဂါ မဖြစ်အောင် ဘယ်လို ကာကွယ်ရမလဲ ဆိုတာတွေကို တောက်လျှောက် ဆွေးနွေးလုပ်ကိုင်ကြတာ ဖြစ်ပါတယ်။
လေ့လာချက်အရ ဇီကာဖြစ်တဲ့ ဒေသကို သွားရောက်တဲ့ လူအရေအတွက်၊ ခြင်တွေရှိတဲ့ နိုင်ငံ အရေအတွက်နဲ့ လက်ရှိ ကျန်းမာရေး အရင်းအမြစ်တွေကို တွက်ချက်တဲ့အခါမှာ ကမ္ဘာ့လူဦးရေ သုံး ပုံ တစ်ပုံ က ဇီကာရောဂါရဲ့ အန္တာရာယ်ကို ကြုံရနိုင်တယ်လို့ တွက်ချက်ကြတာ ဖြစ်ပါတယ်။
ဇီကာရောဂါအတွက် စိုးရိမ်ရတဲ့ နိုင်ငံတွေထဲမှာ ခြင်တွေပေါတဲ့ နိုင်ငံတွေ ပါဝင်ပြီး လူဦးရေလည်း များပြားတဲ့ အိန္ဒိယ၊ ပါကစ္စတန်နဲ့ နိုင်ဂျီးရီးယားလို နိုင်ငံတွေလည်း ပါဝင်ပါတယ်။
အခုလောလောဆယ် စင်္ကာပူနိုင်ငံမှာ လူပေါင်း ၁၅၀ လောက် ရောဂါ ကူးစက်ခံနေရပြီး ကူးစက်ခံရသူတွေထဲမှာ မြန်မာနိုင်ငံသား တစ်ဦး၊ အင်ဒိုနီးရှား၊ ထိုင်ဝမ်၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ မလေးရှားနိုင်ငံသားတွေ ပါဝင်ပါတယ်။
ဇီကာရောဂါ ပြန့်နှံ့မှုကို ထိန်းသိမ်းနိုင်တယ်လို့ စင်္ကာပူက ပြောဆိုနေပေမယ့် သြစတြေးလျ၊ ဗြိတိန်၊ အမေရိကန်နဲ့ ထိုင်ဝမ်နိုင်ငံတို့ကတော့ ကိုယ်ဝန်သည်တွေ ဖြစ်နိုင်ရင် စင်္ကာပူ နိုင်ငံကို မသွားကြဖို့ တိုက်တွန်းထားပါတယ်။
မြန်မာသံရုံးကလည်း ကိုယ်ဝန်ရှိတဲ့ မြန်မာနိုင်ငံသူတွေ စင်္ကာပူကို မလာဖို့ တိုက်တွန်းထားပါတယ်။
အခုလောလောဆယ် စင်္ကာပူနိုင်ငံကနေ ပြန်ရောက်လာတဲ့ မလေးရှား အမျိုးသမီးတစ်ယောက်မှာလည်း ဇီဂာရောဂါ ရှိနေတယ်လို့ မလေးရှား အစိုးရက ပြောကြောင်း AFP သတင်းမှာ ရေးသားထား ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
လူဦးရေ ၃ ပုံ ၁ ပုံ ဇီကာအန္တာရာယ် ကြုံနိုင်
Reviewed by THITHTOOLWIN
on
18:10
Rating: