ရန်ကုန်၊ စက်တင်ဘာ ၂၂
ရန်ကုန်တိုင်း ဒေသကြီး ဒလမြို့နယ်၊ ကမာကသွယ်ရပ်ကွက်ရှိ ဗိုလ်တေဇအားကစားကွင်းတွင် မြို့နယ်အားကစားဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်ဖြင့် ဒလမြို့နယ်၊ စီမံခန့်ခွဲမှု ကော်မတီဥက္ကဌဖလား၊ အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၅)နှစ်အောက် ဘောလုံးပြိုင်ပွဲအား ကျင်းပပြုလုပ်လျက်ရှိရာ စက်တင်ဘာလ ၂၂ ရက် ညနေ ၅ နာရီ ၃၀ မိနစ်ခန့် က ဘောလုံးပြိုင်ပွဲတွင် ရှုံးနိမ့်သည့် အသင်းဘက်မှ ပရိသတ် အင်အား ၅၀၀ ခန့် ကွင်းအတွင်း ဝင်ရောက်ပြီး အကြမ်းဖက်ခဲ့သောကြောင့် ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက်ကာ ထိန်းသိမ်းခဲ့ရကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက် အရသိပါသည်။
၂၂.၉.၂၀၁၆ ရက်နေ့ ၁၅၃၀ အချိန်ခန့်တွင် အကြိုဗိုလ်လုပွဲအဖြစ် ဒလမြို့နယ်၊ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း ဘောလုံးအသင်းနှင့် အမှတ်(၂)အခြေံပညာ အထက်တန်းကျောင်း ဘောလုံးအသင်း
တို့ယှဉ်ပြိုင်ကစားကြရာ မိနစ် ၉၀ ပွဲသိမ်းခရာမှုတ်ချိန်၌ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းဘောလုံးအသင်းမှ ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရှိရပါသည်။
၎င်းရလာဒ်အား အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ဘောလုံးအသင်း၏ ပရိတ်သတ် ၅၀၀ ဦးခန့်မှ ဒိုင်အဖွဲ့နှင့် ဘောလုံးပွဲ ကျင်းပရေးကော်မတီတို့အား မကျေနပ်၍ ဘောလုံးကွင်းအတွင်းသို့ အုပ်စုလိုက်ဝင်ရောက်လာရာ ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီနှင့် ဒလမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက လူစုခွဲထွက်ခွာရန် အသံချဲ့စက်ဖြင့် မေတ္တာရပ်ခံ အသိပေးကြေညာခဲ့သော်လည်း အော်ဟစ်၍ ဆက်လက်ဝင်ရောက်လာသဖြင့် လုံခြုံရေးတာဝန်ကျရဲတပ်ဖွဲ့မှ ခြောက်လှန်၍ မိုးပေါ်သို့ Pump Action (၁၂)ဗို့ ပြောင်းချောသေနတ်ဖြင့် (၁)ချက် ပစ်ခတ်ထိန်းသိမ်းခဲ့ရပါသည်။
လူအုပ်စုမှာ သေနတ်သံကြား၍ ၁၇၃၀ အချိန် လူစုခွဲကာ အေးချမ်းစွာပြီးဆုံး သွားခဲ့ကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
by သစ်ထူးလွင်
ဒလမြို့  ကျောင်းပေါင်းစုံ ဘောလုံးပွဲ ရုန်းရင်းဆန်ခတ်ဖြစ် ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက် လူစုခွဲ
Reviewed by THITHTOOLWIN
on
21:45
Rating:
