CEDAW ကော်မတီ အစည်းအဝေးမှာ မြန်မာအစိုးရ ကိုယ်စားလှယ်တွေ တင်ပြ

 ပဋိပက္ခတွေ ဖြစ်နေရာ ဒေသတွေမှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ CEDAW ကော်မတီအစည်းအဝေးမှာ ဆွေးနွေး
အမျိုးသမီးများအပေါ် ခွဲခြား ဆက်ဆံမှု ပပျောက်ရေး ကုလသမဂ္ဂ သဘောတူစာချုပ် CEDAW ကော်မတီ အစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ဇူလိုင်လ ၄ရက်နေ့ကစလို့ ကျင်းပနေရာမှာ မြန်မာနိုင်ငံတွင်း အခြေစိုက် အရပ်ဖက် အဖွဲ့အစည်းတွေက အမျိုးသမီး အခွင့်အရေး ဆိုင်ရာ အစီရင်ခံစာ ၅စောင် တင်သွင်းခဲ့ပြီး ဇူလိုင်လ ၇ရက်နေ့ကတော့ မြန်မာ အစိုးရ ဖက်က ကိုယ်စားလှယ်တွေက အကြောင်းအရာ ၂၀ ကို တင်ပြ ဆွေးနွေးခဲ့ကြပါတယ်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီး ကာကွယ်ရေးနဲ့ ပတ်သက်လို့ အစိုးရဘက်က ဥပဒေ မူကြမ်း ရေးဆွဲနေတာ ရှိပြီး အဲဒီ ဥပဒေမူကြမ်းကို အတည်ပြု ပြဌာန်းနိုင်ရင် အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေကို ထိထိရောက်ရောက် အကာအကွယ် ပေးနိုင်မယ်လို့ အစိုးရ ကိုယ်စားလှယ်တွေဘက်က တင်ပြဆွေးနွေးသွားခဲ့တယ်လို့ သိရပါတယ်။

CEDAW ကော်မတီဘက်ကတော့ ပဋိပက္ခ ဖြစ်ရာ နေရာတွေ အထူးသဖြင့် တိုင်းရင်းသားတွေ နေထိုင်ရာ နေရာတွေမှာ လုံခြုံရေးနဲ့ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေ ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေမှာ ကျူးလွန်သူတွေ ပြစ်ဒဏ် ကင်းလွတ်ခွင့် ရနေတဲ့ ကိစ္စတွေကို အဓိကထား ထပ်ခါတလဲလဲ မေးခဲ့ကြောင်း၊ အစိုးရ ကိုယ်စားလှယ်တွေ ဘက်ကတော့ ဘယ်သူမှ ဥပဒေအထက်မှာ မရှိတဲ့ အတွက် ဒီပြစ်မှုတွေကို ဘယ်သူပဲ ကျူးလွန် ကျူးလွန် တရားဥပဒေအတိုင်း မျှမျှတတ စစ်ဆေး အရေးယူတယ်လို့ ပြန်ဖြေသွားခဲ့ကြောင်း အဲဒီ အစည်းအဝေး တက်ရောက်နေတဲ့ ကျားမ တန်းတူ ညီမျှရေး ကွန်ယက်က ညွှန်ကြားရေးမှူး ဒေါ်မေစံပယ်ဖြူက ပြောပါတယ်။

ရခိုင်ဒေသမှာ မွတ်ဆလင် အမျိုးသမီးတွေ လွတ်လွတ်လပ်လပ် သွားလာခွင့် မရတဲ့ ကိစ္စ၊ မျိုးစောင့် ဥပဒေ ကိစ္စ စတာတွေကိုလည်း ဆွေးနွေး တင်ပြခဲ့ကြပြီး အစိုးရ ကိုယ်စားလှယ် တွေဘက်က မျိုးစောင့် ဥပဒေနဲ့ ပတ်သက်လို့တော့ ဒီဥပဒေဟာ မြန်မာအမျိုးသမီးတွေရဲ့ လိုလားချက်အတိုင်း ရေးဆွဲထားတဲ့ ဥပဒေဖြစ်ပြီး CEDAW စည်းမျဉ်းနဲ့ရော၊ လူ့အခွင့်အရေး ပြဌာန်းချက်တွေနဲ့ပါ ကိုက်ညီတယ်လို့ တုန့်ပြန် ခဲ့တယ်လို့ ဆိုပါတယ်။

အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ မြန်မာ အစိုးရ ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးစဉ်မှာ CEDAW ကော်မတီကနေ အခု သီတင်းပတ် အတွင်း ထွက်လာမယ့် Concluding Observation ဆိုတဲ့ တိုက်တွန်းချက်တွေ ရလာရင် ဒါတွေကို အစိုးရ အဖွဲ့တွေနဲ့ အမျိုးသမီးရေးရာ အရပ်ဖက် လူမှု အဖွဲ့တွေ ဘယ်လို ပူးပေါင်းပြီး အကောင်အထည်ဖေါ် ဆောင်ရွက်မယ်၊ ဘယ်လို စောင့်ကြည့် လေ့လာတဲ့ စနစ်တွေ ထားရှိမယ်၊ ဘယ်လို တိုင်းတာနိုင်တဲ့ ညွှန်းကိန်းတွေနဲ့ အလုပ်လုပ်သွားမလဲ ဆိုတာကို အတူ ပူးပေါင်း ရေးဆွဲ ချမှတ်သင့်တယ်လို့ အရပ်ဖက် အဖွဲ့အစည်းတွေ ဘက်က အကြံပြု တင်ပြခဲ့ကြောင်း ဒေါ်မေစံပယ်ဖြူက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
CEDAW ကော်မတီ အစည်းအဝေးမှာ မြန်မာအစိုးရ ကိုယ်စားလှယ်တွေ တင်ပြ CEDAW ကော်မတီ အစည်းအဝေးမှာ မြန်မာအစိုးရ ကိုယ်စားလှယ်တွေ တင်ပြ Reviewed by THITHTOOLWIN on 09:42 Rating: 5
Powered by Blogger.