မူးယစ်ဝရမ်းပြေးတစ်ဦးက ဖမ်းဆီးရဲများကို ပြန်လည်တိုက်ခိုက်ပြီး အနီးဝန်းကျင်ရှိ လူနေအိမ်များကို မီးရှို့တဲ့အတွက် သေနတ်ဖြင့် သုံးချက်ပစ်ခတ်ကာ ဖမ်းဆီး


ကောလင်း၊ ဇူလိုင် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်၊ ကောလင်းမြို့နယ် လယ်ရင်းတဲကျေးရွာ၌ ဇူလိုင် ၁၄ ရက် ယနေ့မနက် ၅ နာရီအချိန်က မူးယစ်ဝရမ်းပြေးတစ်ဦးအား ကောလင်းမြို့မရဲစခန်းမှူး ဒုရဲမှူး ညီညီအောင်နှင့်သွားရောက်ဖမ်း ဆီးခဲ့သည်။

ထိုသို့ ဖမ်းဆီးရာတွင် မူးယစ်ဝရမ်းပြေးဖြစ်သူက ရဲများကို ဒုတ်၊ဓား၊ လေးခွများဖြင့် ပြန်လည်ခုခံတိုက်ခိုက်ခဲ့သည်။ ထိုမျှမက မူးယစ်ဝရမ်းပြေးဖြစ်သူက သူ၏ နေအိမ်အနီးရှိ ပတ်ဝန်းကျင်နေအိမ်များကို မီးဒုတ်များဖြင့်ပစ်ပေါက်၍ မီးရှို့၍ ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားခဲ့သည်။

ထို့ကြောင့် ရဲများက မူးယစ်ဝရမ်းပြေးဖြစ်သူ၏ နေအိမ်အား အပြင်စည်းမှ ၀ိုင်းဝန်းပိတ်ဆို့ထားခဲ့ရာ ထိုသူက အိမ်တွင်းမှနေ၍ အဆက်မပြတ် လေးခွဖြင့် ပစ်ခတ်နေသည့်အတွက် 12 Bore Pump action shot gun ၁၂ ဗို့ပြောင်းချောသေနတ်ဖြင့် ပထမနှစ်ချက် ပစ်ဖောက်ခြောက်လှန့်ခဲ့သော်လည်း ထိုသူက ဆက်လက်၍ စဉ်မပြတ် ခုခံတိုက်ခဲ့နေသဖြင့် လောက်လေးခွကိုင်ဆောင်ထားသော ၎င်း၏ ညာဘက်လက်ကောက်ဝတ်နေရာအား အဆိုပါ သေနတ်ဖြင့် နောက်တစ်ကြိမ်ပစ်ခတ်၍ လုံးထွေးသတ်ပုတ်ကာ ဖမ်းဆီးခဲ့ရခြင်းဖြစ်သည်။

ထို့နောက် ဖမ်းဆီးရေးအဖွဲ့က ထိုသူ၏နေအိမ်အား ဆက်လက်၍ ရှာဖွေစစ်ဆေးသည့်အခါ မူးယစ်ဝရမ်းပြေးဆိုသူ၏ နေအိမ်အိပ်အတွင်းမှ ဘိန်းမဲ ၁၀၅ ဂရမ်းအထုပ်တစ်ထုပ်အား၎င်း၊ နေအိမ်ဧည့်ခန်းအတွင်းရှိ သောက်ရေအိုးထဲ၌ ဒီဇယ်ဆီထည့်၍ မီးရှို့ထားသော ဘိန်းဖြူမှုန့်ထည့်ထားသော ပုနယ်စလင်ပုလင်ခွံ သုံးလုံးအား၎င်း၊ ဘိန်းဖြူမှုန့် ( ၀ ဒသမ ၀၀၁ ) ဂရမ်ပါ ပုနယ်စလင်ပုလင်းတစ်လုံးအား၎င်း၊ ဖမ်းဆီးရဲများအား ခုခံတိုက်ခိုက်ရာတွင် အသုံးပြုသည့် ဓားဦးချွန် ခုနှစ်ချောင်းနှင့် ဓားရှည်တစ်ချောင်းအား၎င်း ဖမ်းဆီးရဲများက ရှာဖွေသိမ်းဆီးနိုင်ခဲ့သည်။

အဆိုပါ မူးယစ်)ရမ်းပြေးသည် ကောလင်းမြို့မရဲစခန်း မူးယစ်(ပ) ၃၀/ ၂၀၁၆ မူးယစ်ပုဒ်မ ၁၅/ ၁၉(က) အမှုမှ ဆက်စပ်တရားခံအဖြစ်၎င်း၊ ကောလင်းမြို့မရဲစခန်း မူးယစ်(ပ) ၃၀/ ၂၀၁၅ မူးယစ်ပုဒ်မ ၁၅/ ၁၆(ဂ)၊ ကျင့် ၅၁၂ ကောလင်းမြို့နယ်တရားရုံး ရာသေးမှတ် ၂/၂၀၁၆ အမှုမှ အလိုရှိနေသော မူးယစ်ဝရမ်းပြေး ကိုနိုင်ဦး ဆိုသူဖြစ်ကြောင်း သိရှိရသည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများနှင့် ဖမ်းဆီးနှိမ်နင်းရေး လုပ်ငန်းများအား ရဲတပ်ဖွဲ့ဝင်များက အမျိုးသာရေးတာဝန်တစ်ရပ်အဖြစ် ဦးထိပ်ပန်ဆင်ကာ အသက်ကို ပဓာနမထားဘဲ ဖမ်းဆီးနှိမ်နင်းလျက်ရှိသည်။ အဆိုပါ ဖမ်းဆီးရေးတွင် ဖမ်းဆီးရဲများကို ပြန်လည်ခုခံတိုက်ခိုက်ခဲ့သူ၏ လက်အား တည့်မတ်စွာ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ဒုရဲမှူး ညီညီအောင်သည် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ အပြည်ပြည်ဆိုင်ရာ သေနတ်ပစ်ကလပ်၏ အသင်းဝင် ပလေယာတစ်ဦးဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သော လအနည်းခန့်က ကသာခရိုင် ၀န်းသိုမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးများသွားရောက်ဖမ်းဆီးခဲ့ရာ မူးယစ်ဆေးဝါးဂိုဏ်းအဖွဲ့မှ အလားတူ ခုခံတိုက်ခိုက်သဖြင့် ရဲအရာရှိတစ်ဦးမှာ ပြင်ဒဏ်ရာများရရှိခဲ့သေးသည်။

သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
https://www.facebook.com/KoToeChinDween/
မူးယစ်ဝရမ်းပြေးတစ်ဦးက ဖမ်းဆီးရဲများကို ပြန်လည်တိုက်ခိုက်ပြီး အနီးဝန်းကျင်ရှိ လူနေအိမ်များကို မီးရှို့တဲ့အတွက် သေနတ်ဖြင့် သုံးချက်ပစ်ခတ်ကာ ဖမ်းဆီး  မူးယစ်ဝရမ်းပြေးတစ်ဦးက ဖမ်းဆီးရဲများကို ပြန်လည်တိုက်ခိုက်ပြီး အနီးဝန်းကျင်ရှိ လူနေအိမ်များကို မီးရှို့တဲ့အတွက် သေနတ်ဖြင့် သုံးချက်ပစ်ခတ်ကာ ဖမ်းဆီး Reviewed by THITHTOOLWIN on 16:12 Rating: 5
Powered by Blogger.