ဝမ်းတွင်း - ဇူလိုင် ၁၅
မန္တလေးတိုင်း ဒေသကြီး ဝမ်းတွင်းမြို့နယ် အောင်ချမ်းသာကျေးရွာ အရှေ့ဘက်ရှိ သမုန်းဘုရားစေတီများတွင် ဌာပနာတိုက်များ ဖျက်ဆီးဖေါက်ယူနေသူများကို ဒေသခံကျေးရွာ ရပ်မိရပ်ဖများက ပြီးခဲ့တဲ့ ဇူလိုင်လ (၄)ရက်နေ့ က ၀ိုင်းဝန် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။
ဌာပနာတိုက်များ ဖျက်ဆီးဖေါက်ယူမှု့များ ရှိနေတာကြောင့် အောင်ချမ်းသာကျေးရွာနေ ဦးမြင့်မောင်နှင့် ဦးကျော်မင်းလတ်၊ ဦးဆန်းမြင့်၊ တဲကုန်းကျေးရွာနေဦးမောင်မောင်ညွှန့်၊ ရင်အောင့်ကျေးရွာနေဦးစောမောင်တို့သမုန်းဘုရားစေတီအတွင်း ပုန်းအောင်းကင်းစောင့်နေတုန်း ဖမ်းဆီးမိတာ ဖြစ်ပါတယ်။
ဇူလိုင်လ (၄)ရက် ည ၇နာရီ ၃၀မိနစ်လောက်မှာ သမုန်းဘုရားစေတီများ၏ အနောက်မြောက်ဘက်အရပ်ဆီကနေ လူနှစ်ဦးစေတီများဆီ ဦးတည်လမ်းလျှောက်လာပြီး ဘုရားစေတီများဆီရောက်တဲ့အခါ လက်ထဲတွင်အသင့် ပါလာတဲ့ သံတူရွင်းနဲ့ ဘုရားစေတီဌာပနာတိုက်နေရာ မှန်းဆဖြိုဖျက်နေချိန် ဝိုင်းဝန်းဖမ်းဆီးမိခဲ့ တာပါ။
ဌာပါနာတိုက် ဖောက်ထွင်းနေသူတွေကတော့ စိုးထိုက်(၄၁နှစ်) သီးကုန်းကျေးရွာ ၊ ဝမ်းတွင်းမြို့နှင့် ထွန်းဝင်း(၄၀နှစ်) ကံသစ်ကျေးရွာ ဝမ်းတွင်းမြို့တို့ ဖြစ်ကြပါတယ်။
သူတို့ လွယ်ထားတဲ့ ပြောက်ကြားလွယ်အိပ်အတွင်းက အရိုးအသွား ၆လက်မရှိ မောင်းပြန်ဓါးတစ်ချောင်း၊ သစ်သားလေးခွတစ်လက်နဲ့ ဖန်ဂေါ်လီအလုံး၈၀၊ တဖက်ချွန်တဖက်ပြားဂျွိုင်းဆက်ပါတဲ့ သံတူရွင်းတို့ကိုလည်း သိမ်းဆီးရမိ ခဲ့ပါတယ်။
အခုအခါမှာ ဘုရားစေတီများဌာပနာ ဖေါက်ခိုးယူသူ နှစ်ဦးကို အောင်ချမ်းသာကျေးရွာက ဦးမြင့်မောင် က အမှု့ ဖွင့်ထားပြီး ( ပ)၂၀/၂၀၁၆ ပင်းတလဲ ရဲစခန်း ကနေ ပြစ်မှု့ ပုဒ်မ၂၉၅/၃၇၉/၅၁၁ဖြင့် ဒုရဲမှူးသိန်းလှိုင်ဦးမှ စစ်ဆေးအရေးယူ အမှု့ဖွင့် ဆောင်ရွက်နေကြောင်း သိရပါတယ်။
သတင်း - မောင်မောင်လင်း
ဘုရားစေတီများဌာပနာ ဖေါက်ခိုးယူသူများ ဖမ်းဆီးမိ
Reviewed by THITHTOOLWIN
on
19:07
Rating: