လူသွားလမ်းပလက်ဖောင်းနှင့် ရေမြောင်းပေါ် မီးစက်များ၊ ပစ္စည်းများချခြင်း ဈေးရောင်းချခြင်းများကို ဇူလိုင် ၁၅ ရက်မှ စတင်အရေးယူမည်


လူသွားလမ်း ပလက်ဖောင်းနှင့် ရေမြောင်းများပေါ်တွင် မီးစက်များထား၊ ပစ္စည်းထားခြင်းများ၊ ဈေးရောင်းခြင်းများ မပြုလုပ်ရန် အသိပေးထားသော်လည်း လိုက်နာခြင်းမရှိသည်များကို ဇူလိုင်လ ၁၅ ရက်မှစကာ မန္တလေးစည်ပင်မှ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ စည်ပင်သာယာ နယ်နိမိတ် ခြောက်မြို့နယ်အတွင်း နေအိမ်များ၊ အိမ်ဆိုင်များ၊ ဈေးဆိုင်များ၊ စားသောက်ဆိုင်များ၊ မိုဘိုင်းတယ်လီဖုန်း အရောင်းဆိုင်များ၊ ပွဲရုံများနှင့် အရောင်းစင်တာများမှ ရောင်းကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေး ပစ္စည်းများ၊ စားပွဲကုလားထိုင်များ၊ မီးစက်များကို လူသွား စင်္ကြံပလက်ဖောင်း၊ ရေမြောင်း၊ လမ်းမများ၊ လမ်းဆုံများ၊ လမ်းခွ၊ လမ်းထောင့်များတွင် ကျူးကျော်၍ ပစ္စည်းများထားရှိရောင်းချခြင်း၊ ခင်းကျင်းခြင်း၊ စုပုံခြင်း၊ ပြုပြင်မွမ်းမံခြင်းများ လုံးဝမပြုလုပ်ရန် အသိပေး ကြေညာခဲ့ကြောင်း သိရသည်။

ထိုသို့ လမ်းမများဘေးတွင် လက်တွန်းဈေးရောင်း လှည်းများ လမ်းပိတ်ဆို့ရောင်းချခြင်း၊ မူသေရပ်နား ရောင်းချခြင်းများ လုံးဝမပြုလုပ်ရန်နှင့် ရွေ့လျားသွားလာ၍ ရောင်းချသည့် ပုံစံဖြင့်သာ ရောင်းချရမည် ဖြစ်သည်။ တရားမဝင် လောင်စာဆီ၊ စက်သုံးဆီများကို တရားဝင်ခွင့်ပြုချက် မရရှိဘဲ လမ်းဘေး၊ လမ်းများပေါ်တွင် ဆီဘူးများ ထောင်၍ ရောင်းချခြင်းမပြုရန်နှင့် လမ်း၊ ပလက်ဖောင်း၊ ရေမြောင်းများပေါ်သို့ အမိုး၊ ကဲလားများချ၍ ဈေးရောင်း ခြင်းများ မပြုလုပ်ရန် အသိပေးထားသည်။

ယင်းအသိပေးထားခြင်းများကို လိုက်နာခြင်းမရှိပါက မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၏ တည်ဆဲဥပဒေ၊ နည်းဥပဒေအရ ဇူလိုင် ၁၅ ရက်မှစတင်ကာ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက အသိပေးထားကြောင်း သိရသည်။

Photo - Wai Lin FB
The Ladies News
https://www.facebook.com/News.TheLadies
လူသွားလမ်းပလက်ဖောင်းနှင့် ရေမြောင်းပေါ် မီးစက်များ၊ ပစ္စည်းများချခြင်း ဈေးရောင်းချခြင်းများကို ဇူလိုင် ၁၅ ရက်မှ စတင်အရေးယူမည်  လူသွားလမ်းပလက်ဖောင်းနှင့် ရေမြောင်းပေါ် မီးစက်များ၊ ပစ္စည်းများချခြင်း ဈေးရောင်းချခြင်းများကို ဇူလိုင် ၁၅ ရက်မှ စတင်အရေးယူမည် Reviewed by THITHTOOLWIN on 16:04 Rating: 5
Powered by Blogger.