ဦးဝီရသူ နည်းနည်းတော့ များလာပြီထင်တယ်ဗျာ။ ကျွန်တော်တို့ ပြည်သူ့အစိုးရကို “ အမျိုးသမီး အာဏာရှင် အစိုးရ” ဆိုပြီး နှုတ်လှံထိုးလိုက်သဗျ။ ကျွန်တော်တို့ လက်သန်းလေးတွေနဲ့ တင်ခဲ့တဲ့ အစိုးရကို ဒီလို စော်ကား လိုက်တာဟာ လက်သန်းကို လာခုတ်ဖြတ်သလို ခံစားရပါတယ်။
ဘုရားရှင်လက်ထက်က ဆဗ္ဗဂ္ဂိယ ရဟန်းတွေဟာ သီလကို မြတ်နိုးတော်မူတဲ့ ရဟန်းကောင်း ရဟန်းမြတ် တွေနဲ့ အငြင်းအခုန်ဖြစ်ကြတယ်။ အဲဒီအချိန်မှာ ဆဗ္ဗဂ္ဂိယ ရဟန်းတွေက ရဟန်းတော်တွေကို အမျိုးထိခိုက်ပြီး ဆဲတယ်။ ဒါကြောင့် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက
“သြမသဝါဒေ ပါစိတ္တိယံ” ဆိုပြီး သိက္ခာပုဒ်ကို ပြဋ္ဌာန်းတော်မူခဲ့တယ်။ အဓိပ္ပာယ်ကတော့
“နှုတ်တည်းဟူသော လှံဖြင့် ထိုးခြင်းကြောင့် ပါစိတ်အာပတ်သင့်၏” လို့ ပြဆိုပါတယ်။
ဆဲတယ်ဆိုတာ ခုခေတ်ကြားနေကျ ယုတ်မာညစ်ညမ်းစွာ ဆဲမှ ဆဲတာမဟုတ်ပါဘူး။ ဝိနည်းတော်မှာ ဆဲတယ် ဆိုတာ
(၁) အမျိုးကို ပုတ်ခတ်ပြောဆိုခြင်း
(၂) အမည်ကို ထိခိုက်ပြောဆိုခြင်း
(၃) အနွယ်ကို ထိခိုက် ပြောဆိုခြင်း
(၄) အလုပ်ကို ထိခိုက် ပြောဆိုခြင်း
(၅) အတတ်ပညာကို ထိခိုက် ပြောဆိုခြင်း
(၆) အနာရောဂါကို ထိခိုက်ပြောဆိုခြင်း
(၇) အသွင်သဏ္ဍန်ကို ထိခိုက် ပြောဆိုခြင်း
(၈) တဏှာကြီးသူစသည်ဖြင့် ကိလေသာကို ထိခိုက် ပြောဆိုခြင်း
(၉) သင့်နေတဲ့ အာပတ်ကို ထိခိုက်ပြောဆိုခြင်း
(၁၀) နွားကြီး ခွေးကြီးစသည့်ဖြင့် ထိခိုက်ပြောဆိုခြင်း လို့ ဆယ်မျိုးပြဋ္ဌာန်းထားတာ တွေ့ရပါတယ်။
ဘုရားရှင်က ဒီသိက္ခာပုဒ်အရ ရဟန်းကိုဆဲရင် ပါစိတ်၊ ဘိက္ခုနီ၊ ကိုရင်၊ လူတွေကိုဆဲရင် ဒုက္ကဋ်အာပတ် သင့်တယ်လို့လည်း ပြဋ္ဌာန်းတော်မူပါတယ်။
ဆဲလိုက်ရင် အဆဲခံရသူတွေဟာ နားလည်းမခံသာ၊ စိတ်နှလုံးလည်း မချမ်းမြေ့တာကြောင့် နာကျင်ကြရပါတယ်။ တစ်နည်းပြောရရင် နှုတ်လှံထိုးတာ၊ ဆဲခြင်းဆိုတဲ့ လှံနဲ့ အထိုးခံလိုက်ရတာဖြစ်ပါတယ်။
၂၀၁၅ တုန်းကလည်း ဦးဝီရသူ “ဖာသည်မ” ဆိုတဲ့ အလုံးပေါင်းထပ်အောင် ဆဲဆိုခဲ့တာ မှတ်မိမှာပါ။ အမျိုးသမီး ထုတစ်ရပ်လုံးကို စော်ကားခဲ့ရုံသာမက ခုလည်း ကျွန်တော်တို့ တင်ထားတဲ့ အစိုးရ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ရိုက်ရည်ညွှန်းပြီးတော့ နှုတ်လှံနဲ့ လုပ်ကြံလိုက်ပါပြီ။
သာသနာတော်ကြီးဟာ ဒီလို ရဟန်းတစ်ပါးကြောင့်တော့ ဘာမှ ဖြစ်မသွားနိုင်ပါဘူး။ ဒါပေမဲ့ ဒီလို ရဟန်းတွေ များလာရင်လည်း သာသနာတော်အတွက် စိုးရိမ်စရာပါ။ သာသနာတော်ကို ကြည်ညိုမြတ်နိုး အားကိုး နေကြရတဲ့ ကျွန်တော်တို့ ပြည်သူတွေ၊ အစိုးရအပေါ် အားကို အားထားပြုနေကြရတဲ့ ပြည်သူတွေ စိတ်နှလုံးကို နှုတ်လှံနဲ့ အကြိမ်ကြိမ်ထိုးနေတာကို ငုံ့ခံနေကြရတာ စိတ်မကောင်းဖြစ်မိပါတယ်ဗျာ။
(အရှင်ဇနာကာဘိဝံသ ဆရာတော်ဘုရားကြီး ရေးသားစီရင်အပ်သော ဘုရားဥပဒေတော်ကြီး ကျမ်းကို မှီငြမ်း ပါတယ်)
ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု
၁၄.၇.၂၀၁၆
Tin Nyunt
https://www.facebook.com/tin.nyunt.338

နှုတ်လှံထိုး
Reviewed by THITHTOOLWIN
on
09:53
Rating: