ဘင်္ဂလာဒေရှ့် တွင် နယ်စပ်တွင် နောက်ထပ် ဗုဒ္ဓဘာသာဝင် တစ်ဦး အသတ်ခံရပြီးနောက် အထူးစိုးရိမ်မှု တိုးပွားနေ


နိရဉ္စရာ၊ ဇူလှိုင် ၁

မြန်မာနယ်စပ်အနီး ဘင်္ဂလာဒေ့ရှ် နိုင်ငံ ဘင်ဒရိုဘင်ခရိုင် နတ်ကျောက်ဆရီမြို့နယ် ဘိုင်ဆရီနယ်အပိုင် ငရက်ချေ ကျေးရွာတွင် ရပ်ရွာလူကြီး တစ်ဦးဖြစ်သူ ဦးမောင်ရွှေလုံး အသတ်ခံရပြီးနောက် ဗုဒ္ဓဘာသာဝင်များအကြား အထူးစိုးရိမ်မှု တိုးပွားနေသည်ဟု အခင်းဖြစ်ပွားရာ ကျေးရွာနှင့် ကပ်ရပ်တည်ရှိသည့် ဒဘိုင်ခါလီရွာ ကျောင်းထိုင် ဘုန်းကြီး ရက္ခ၀ံသက ယနေ့ ညနေ ၄ နာရီ ၁၅ မိနစ်က ဖုန်းထဲမှ နိရဉ္စရာသို့ ပြောကြားသည်။

ဦးမောင်ရွှေလုံးသည် ငယှက်ချေ တောင်ရွာမှ ဖြစ်ပြီး ယမန်နေ့ ညဥ့် ၉ နာရီခန့်တွင် ဘိုင်ဆရီဈေးမှ အိမ်သို့ ပြန်လာစဉ် လူတစ်ဦး အနီးကပ် လိုက်ပါ လာပြီးနောက် နောက်ကနေ သတ်ဖြတ်ပစ်ခဲ့သည်ဟု ဦးရက္ခ၀ံသက ပြောသည်။

“ အခုက ရွာသားတွေ အရမ်းစိုးရိမ်နေကြပါတယ်။ လွန်ခဲ့တဲ့ မေလ ၁၄ ရက်နေ့ကလည်း ဒီရွာနားက သက်ရွာမှာလည်း ဦးမောင်ရွှေဖြူ ဘုန်းကြီး အသတ်ခံခဲ့ရပါတယ်။ အခုတစ်ခါ ငရက်ချေတောင်ရွာ ဦးမောင်ရွှေလုံး အသတ်ခံရတော့ ရွာသားတွေ အထူးစိုးရိမ်နေကြပါတယ်” ဟု ပြောဆိုသည်။

ယနေ့ နေ့လယ်ပိုင်းက ဦးမောင်ရွှေလုံး အသတ်ခံခဲ့ရသဖြင့် ဗုဒ္ဓဘာသာကျေးရွာများ ဖြစ်ကြသော မဂေါက်ရွာ၊ ဒဘိုင်ခါလီ၊ ငရက်ချေ၊ ငရက်ချေ (တောင်ရွာ)၊ ငရက်ကြီး၊ ဗျိုင်းမတောက်၊ သက်ရွာ သုံးရွာမှ ကျေးရွာသားများသည် ဘိုင်ဆရီဈေးသို့ သွားရောက်ပြီး လူနည်းစု ဗုဒ္ဓဘာသာဝင်များ၏ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ပေးရန် အစိုးရအား တောင်းဆိုခဲ့သလို လူသတ်သမားများအား အမြန်ဆုံး ဖော်ထုတ် အပြစ်ပေးရန် တောင်းဆိုခဲ့ကြသည်ဟု ဆိုသည်။

ဘင်္ဂလာဒေ့ရှ်က လာသော သတင်းများတွင် ဦးမောင်ရွှေလုံးသည် လက်ရှိ အစိုးရ ပါတီ အ၀ါမီလိဂ် ပါတီ အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး အသက် ၅၆ နှစ်ရှိပြီ ဖြစ်ကြောင်း၊ သူ့၏ အလောင်းအား ဘင်ဒရိုဘင် ခရိုင်ဆေးရုံသို့ယူဆောင်သွားကြောင်း ဖော်ပြကြသည်။

Narinjara
https://www.facebook.com/Narinjara
ဘင်္ဂလာဒေရှ့် တွင် နယ်စပ်တွင် နောက်ထပ် ဗုဒ္ဓဘာသာဝင် တစ်ဦး အသတ်ခံရပြီးနောက် အထူးစိုးရိမ်မှု တိုးပွားနေ  ဘင်္ဂလာဒေရှ့် တွင် နယ်စပ်တွင် နောက်ထပ် ဗုဒ္ဓဘာသာဝင် တစ်ဦး အသတ်ခံရပြီးနောက် အထူးစိုးရိမ်မှု တိုးပွားနေ Reviewed by THITHTOOLWIN on 16:54 Rating: 5
Powered by Blogger.