မြောက်ဦး၊ ကျောက်တော်နှင့် မင်းပြားမြို့နယ် သုံးခု၏ ရေဘေး အခြေအနေ


နိရဉ္စရာ၊ ဇူလိုင် ၇

ရေလွှမ်းမိုးခြင်းကို ခံခဲ့ရေသော မြို့နယ်များအနက် ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြား မြို့နယ်များ၌ ယနေ့ ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းတွင် ရေပြန်ကျနေပြီဖြစ်သော်လည်း ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သဖြင့် ကယ်ဆယ်ရေးများ အရေးပေါ် လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

ကျောက်တော်မြို့နယ် ရေကြီးမှု နောက်ဆုံးအခြေအနေနှင့်ပတ်သက်၍ ကျောက်တော်မြို့ အရေးပေါ် ကယ်ဆယ်ရေးဌာနမှ ကိုဇော်ဝင်းက အောက်ပါအတိုင်း ပြောသည်။

“ကုလားမြစ်ရိုး တလျှောက်ကတော့ ရေ ၂ ပေလောက် ကျနေပါပြီ။ ဒါပေမယ့် မဟာမြတ်မုနိဘုရား အနီးတ၀ိုက်က ကျေးရွာတွေဆိုရင် ရေပြန်မကျသေးဘူး။ ဇီးချောင်းဆည် ကျိုးပေါက်မှာစိုးလို့ ရေဖေါက်ချ ထားတယ်လို့ သိရပါတယ်။ နောက်ပြီးတော့ မြေနိမ့်ပိုင်းဖြစ်တဲ့ ကျောက်တော်တောင်ပိုင်း အောင်ဇေယျ ကျေးရွာအုပ်စု အနီးတ၀ိုက်၊ ကုလားတန်းအရှေ့ဘက် အထက်ယွန်းချောင်း၊ အောက်ယွန်းချောင်း အနီးတ၀ိုက်၊ ကျောက်တော်မြို့နယ်အစွန်ဆုံးနေရာတွေ ဖြစ်တဲ့ ဂေါရမဏီ၊ ဇင်းခါချေ၊ လက်ခုပ်ဘုရား နေရာတ၀ိုက်တွေမှာ ရေ သိပ်မကျသေးဘူး”ဟု ဆိုသည်။

ကျောက်တော်မြို့နယ်၌ ဇူလိုင်လ ၂ ရက်နေ့ခန့်ကတည်းက စတင်ရေကြီးမှုများ ဖြစ်ပေါ်ခဲ့၍ စိုက်ပျိုးထားသော စပါးခင်းများ ပျက်စီးခြင်း၊ စပါးကျီများ ရေမြုပ်၍ မျိုးစပါးများ ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ပြီး လက်ရှိတွင် စားရေးသောက်ရေးအတွက် အရေးပေါ် ကယ်ဆယ်ရေးများ လိုအပ်နေသည့်အပြင် လယ်သမားများအတွက် မျိုးစပါးအကူအညီများ လိုအပ်မည်ဟု သိရသည်။

မြောက်ဦးမြို့နယ်တွင် ရေဘေးဒုက္ခသည်များ အရေးပေါ် ယာယီ ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေကြဆဲ ဖြစ်ပြီး ပျက်စီးဆုံးရှုံးမှု တစ်ချို့ ရှိခဲ့သည်ဟု သိရသည်။

“မြောက်ဦးအခြေအနေကတော့ လောလောဆယ် ရေနည်းနည်းကျနေပါပြီ။ ဈေးမှာ ချောင်းကမ်းနားတန်း နေရာတွေကတော့ ရေသိပ်မကျသေးပါဘူး။ ကယ်ဆယ်ရေးစခန်းတွေမှာ လူတွေ ခိုလှုံနေရဆဲပါ။ တောင်ဦးရပ်ကွက်မှာ အိမ်တစ်ဆောင်ပြိုပြီးတော့ ၀သဲရက်ကွက်မှာ အိမ်တစ်ဆောင် မီးလောင် ပျက်စီးခဲ့ပါတယ်။ နောက်ပြီးတော့ မြောက်ဦးနဲ့ မင်းပြား အကြားမှာ ရှိတဲ့ ရှမ်းတောင်ဘင်္ဂလီရွာအနီးမှာ အဝေးပြေးကားလမ်း ပျက်စီးသွားပါတယ်။ တံတားနှစ်စင်းလည်း ပျက်စီးသွားပြီးတော့ ကားတွေ သွားလို့ မရတော့ပါဘူး” ဟု ရခိုင်အမျိုးသားပါတီ မြောက်ဦးမြို့နယ်အတွင်းရေးမှူး ကိုထွန်းနေ၀င်းက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ဇူလိုင်လ ၆ နေ့စာရင်းအရ မြောက်ဦးမြို့ပေါ် စာသင်ကျောင်း ၆ ကျောင်းတွင် လူပေါင်း ၉၄၇ ဦး ခိုလုံနေကြပြီး တစ်ခြား နေရာများတွင် ခိုလုံနေကြသူများမှာ သက်ကျမဉ္ဇူ ဘုန်းကြီးကျောင်းတွင် ၂၅ ဦး၊ ရှစ်သောင်း ဘုန်းတော်ကြီးကျောင်းတွင် ၁၃၁ ဦး၊ အံတော်သိမ် ဘုရားပရိဝုဏ်ထဲတွင် ၉၃ ဦး၊ တေဇရာမ မူလတန်းကျောင်းတွင် ၁၉၃ ဦး၊တေဇရာမ ဘက ကျောင်းတွင် ၂၂၇ ဦး၊ အောင်စေတီတွင် ၅၀ ဦး၊ မင်္ဂလာဦးကျောင်းတွင် ၃၉ ဦး၊ ပဲသုံးတန်ကျောင်းတွင် ၃၂ ဦး၊ မင်္ဂလမာန်အောင်ကျောင်းတွင် ၁၂ ဦး၊ အိုးထိန်းတွင် ၁၇၀ ဦးနှင့် ပြိုင်းချတွင် ၁၄ အိမ်ထောင်စု ရှိကြောင်း သိရသည်။

မြောက်ဦးမြို့တွင် ဇူလိုင်လ ၆ ရက်နေ့က ရခိုင်အမျိုးသားပါတီနှင့် လူမှုအဖွဲ့အစည်းပေါင်းစုံ စုပေါင်း၍ ဖွဲ့စည်းထားသည့် မြောက်ဦးမြို့ အရေးပေါ်ကူညီ ထောက်ပံ့ရေးကော်မတီက ဆန်၊ ရေသန့်၊ ပဲများကို ယာယီကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေသော ရေဘေးဒုက္ခသည်များနှင့် ပြိုင်းချနှင့် အိုးထိန်း ကျေးရွာများကို အကူအညီ ပေးခဲ့သည်ဟု သိရသည်။

မင်းပြားမြို့နယ်တွင်းလည်း ရေကျ၍ မြို့ပေါ်ရပ်ကွက်များတွင် သန့်ရှင်းရေး စလုပ်နေကြပြီး၊ နဂရာ ကျေးရွာတွင် အိမ် တချို့ပျက်စီးကာ မြို့နယ်အတွင်း စပါးခင်းနှင့် မျိုးစပါးများ ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သည်ဟု သိရသည်။

“မင်းပြားမြို့ပေါ်မှာ ရေကျသွားပါပြီ။ အိမ်တွေ၊ ဈေးဆိုင်ခန်းတွေကို သန့်ရှင်းရေး လုပ်နေကြပါပြီ။ ရွှံ့နွံ တစ်ပေကျော်ထိ ကျန်ရစ်နေခဲ့ပါတယ်။ မင်းဖူးချောင်းတလျှောက် ကျေးရွာတွေမှာ နစ်နာဆုံးရှုံးမှု များပါတယ်။ ကျေးရွာပေါင်း ၂၀ ကျော် ၃၀ လောက်ရှိပါတယ်။ စိုက်ပျိုးထားတဲ့ စပါးခင်းတွေ ပျက်စီးပြီးတော့ မျိုးစပါးတွေလည်း ပျက်စီးသွားကြပါတယ်။ နဂရာကျေးရွာမှာ အိမ် ၉ ဆောင် ပျက်စီး ဆုံးရှုံးသွားခဲ့ပါတယ်။ မင်းပြားတစ်မြို့နယ်လုံး ရေအ၀ိုင်းခံရသလို ဖြစ်သွားပါတယ်”ဟု ဦးသိန်းစံက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

မင်းပြားမြို့နယ် အထက်ပိုင်းကျေးရွာများတွင် အခြေအနေ ပိုဆိုရွားပြီး ရေ ၈ ပေ ကျော် ၉ ပေအထိ မြုပ်ခဲ့သည်ဟု သိရသည်။

အဆိုပါမြို့နယ်များတွင် ယင်းသို့ရေနစ်မြုမှုများဖြစ်ပေါ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှု တစ်ချို့ ရှိခဲ့သော်လည်း လူအသေအပျောက်နှင့် ကျွဲ နွား တိရစ္ဆာန် အသေအပျောက် မရှိခဲ့ဟု သိရသည်။

လက်ရှိအခြေအနေတွင် စားနပ်ရိက္ခာများ၊ သောက်သုံးရေများ အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိသည်ဟု သိရသည်။

စံမောင်သန်း၊ ရန်ကုန်
Narinjara
https://www.facebook.com/Narinjara
မြောက်ဦး၊ ကျောက်တော်နှင့် မင်းပြားမြို့နယ် သုံးခု၏ ရေဘေး အခြေအနေ  မြောက်ဦး၊ ကျောက်တော်နှင့် မင်းပြားမြို့နယ် သုံးခု၏ ရေဘေး အခြေအနေ Reviewed by THITHTOOLWIN on 16:40 Rating: 5
Powered by Blogger.