မြန်မာနယ်စပ်အနီး တည်ရှိသော ရာမူး (ပန်းဝါ) မြို့ရှိ ပေ (၁၀၀) ခန့်ရှည်လျားသော ဘင်္ဂလာဒေ့ရှ်နိုင်ငံမှ အကြီးဆုံး လျောင်းတော်မူ ဘုရားတွင် လုံခြုံရေးကို အထူး တိုးမြှင့် ချထားလိုက်ပြီ ဖြစ်ကြောင်း Cox’sbazar news က ယနေ့တွင် သတင်း ဖော်ပြသည်။
၎င်းပြင် ၂၀၁၂ ခုနှစ်က တိုက်ခိုက် ဖြိုဖျက် ခံခဲ့ရသော ရာမူးရှိ ဘုန်းတော်ကြီးကျောင်းများ အပါအ၀င် ဟိန္ဒူဘုရား ရှိခိုးကျောင်းများတွင်လည်း လုံခြုံရေးကို အရင်ကထက် တိုးမြှင့် ချထားသည်ဟု ဆိုသည်။
ရာမူး (ပန်းဝါ) မြို့ရှိ ဟိန္ဒူ ဘုရားရှိခိုးကျောင်းပေါင်း ၂၀ အား အစွန်းရောက် အစ္စလာမ်မစ် အဖွဲ့များမှ ခြိမ်းခြောက်စာ ပို့ပြီးနောက်ပိုင်းတွင် လုံခြုံရေးကို တိုးချခြင်း ဖြစ်ကြောင်း၊ ကျောင်းထိုင်ဆရာတော်များ၊ ဘာသာရေး ဆရာများနှင့် ဖုန်းများဖြင့် ပုံမှန်ဆက်သွယ်ပြီး လုံခြုံရေးကို အနီးကပ် စောင့်ကြည့်နေကြောင်း ရာမူး(ပန်းဝါ) မြို့ရှိ ရဲအရာရှိ OC ပြိုရာစောင်ဒရောက ပြောကြောင်း သတင်းတွင် ဖော်ပြသည်။
အစ္စမ်လမ်မစ် အစွန်းရောက် အကြမ်းဖက်သမားများသည် ဟိန္ဒူကျောင်းများနှင့် ဗုဒ္ဓဘာသာကျောင်းများကိုသာမက အစ္စလာမ်ဘာသာဝင်များ၏ ဗလီများကိုလည်း ခြိမ်းခြောက်ထားပြီး ထိုအထဲတွင် ရာမူးမြို့ရှိ ဇာမိမောဂျစ်လဲ ပါဝင်သည်ဟု ရဲက ပြောသည်။
ယခုအခါ လူနည်းစု ရခိုင်၊ ဟိန္ဒူ၊ မာရမာကြီး (ဘရာဝါ) ရွာများတွင် ရွာသားများကိုယ်တိုင် ကင်းစောင့်နေကြရပြီး လုံခြုံရေးကို အထူးသတိပေးမှုပြုလုပ်ထားကြောင်း ရဲအရာရှိက ပြောဆိုသည်။
ကော့စ်ဘဇား အခြေစိုက် အထူးမူခင်းနှိမ်နှင်းရေး တပ်ဖွဲ့ ( Rapid Action Battalion) က ယခုအခါ လူစည်ကားရာနေရာများ ဖြစ်သော ဈေး၊ ဘတ်စ်ကားမှတ်တိုင်၊ စာသင်ကျောင်းများတွင် သူတို့နှင့် ဆက်သွယ်ရနိုင်သည့် ဖုန်းနံပတ်များကို ရေးထားသည့် ပိုစတာများကို လိုက်ကပ်နေပြီး ထူးခြားမှု တွေ့ရှိက ချက်ချင်း ဖုန်းဆက်အကြောင်းကြားရန် ပိုစတာထဲတွင် ရေးသား ဖြော်ပထားသည်ဟု ဆိုသည်။
ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် အများစု ပြည်သူများမှာ အစွန်းရောက် အစ္စလာမ်မစ် အကြမ်းဖက်သမားများ အန္တရာယ်ကို အထူးစိုးရိမ်နေကြသည်ဟု သိရသည်။
Narinjara
https://www.facebook.com/Narinjara
ဘင်္ဂလာဒေ့ရှ် ရာမူး (ပန်းဝါ) မြို့ရှိ အကြီးဆုံး လျောင်းတော်မူဘုရား လုံခြုံရေးတိုးမြှင့်
Reviewed by THITHTOOLWIN
on
21:47
Rating:
