မလေးရှား ဆီအုန်းစိုက်ပျိုးမှု ရပ်ဆိုင်းရန် ညွှန်ကြားမှုကို စောင့်ကြည့်မည်ဟု တနင်္သာရီဒေသခံ လူမှုအဖွဲ့ ပြောဆို
ဇူလိုင် ၁၄ရက်၊ ၂၀၁၆ခုနှစ်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း လုပ်ဆောင်နေသည့် မလေးရှားနိုင်ငံ MSPP ကုမ္ပဏီ၏ ဆီအုန်း စိုက်ပျိုးရေးစီမံကိန်းအား ရပ်ဆိုင်းထားရန် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ညွှန်ကြားလိုက်သည့်ကိစ္စမှာ စောင့် ကြည့်ရမည့် အခြေအနေတွင် ရှိနေသေးကြောင်း ဒေသခံလူမှုအဖွဲ့အစည်းများက ပြောဆိုသည်။
တာကပေါ ကရင်လူငယ်အဖွဲ့မှ တာဝန်ခံ နော်ပီသလောက “ဆီအုန်းစိုက်ပျိုးမှုတွေကနေ ဖြစ်လာတဲ့ ဒေသခံတွေရဲ့ ထိခိုက်နစ် နာမှုတွေကို ယခင်အစိုးရလက်ထက် အဆင့်ဆင့် တင်ပြပေမယ့် ထူးခြားမှု မရှိဘူး။ အခု အစိုးရလက်ထက် ဒီလို အရေးတယူ ဆောင်ရွက်တာတွေ ရှိလာတော့ ကြိုဆိုပါတယ်။ ကုမ္ပဏီအနေနဲ့ လိုက်နာခြင်း ရှိမရှိကတော့ စောင့်ကြည့်ရအုံးမှာ ဖြစ်ပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ Myanmar Stark Prestige Plantation-MSPP ကုမ္ပဏီသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC ၏ ခွင့်ပြုချက် သာ ရရှိထားပြီး မြေယာလုပ်ပိုင်ခွင့်နှင့် ပတ်သက်သည့် ခွင့်ပြုချက်မရှိသည့်အတွက် ဆီအုန်းစိုက်ပျိုးနေခြင်းအား ရပ်ဆိုင်းထား ရန် ပြီးခဲ့သည့် ဇူလိုင်လ ၁၁ရက်နေ့က အုပ်ချုပ်ရေးဦးစီးဌာနမှ ထိုသို့ ညွှန်ကြားခံရခြင်းဖြစ်ကြောင်း သိရသည်။
တနင်္သာရီမြို့နယ်၊ သရဘွင်ကျေးရွာအုပ်စု ကဝက်၊ ကော့မပြင်းကျေးရွာအနီးတ၀ိုက်ရှိ MSPP ကုမ္ပဏီ၏ ဆီအုန်းစိုက်ပျိုးရေး စီမံ ကိန်းကြောင့် ဒေသခံကရင်တိုင်းရင်းသားများ၏ ဥယျာဉ်၊ ခြံမြေများ၊ ကျေးရွာများ အသက်မွေးဝမ်းကျောင်းမှုများပါ ထိခိုက်လာ သည့်အပြင် စီမံကိန်းအကြောင်းပြ၍ သစ်ခိုးထုတ်လုပ်နေမှုများလည်းရှိနေကြောင်း ဒေသခံများက ပြောဆိုကြသည်။
၎င်းအပြင် ယင်းစီမံကိန်းကို ပြန်လည်စိစစ်ပြီး ခွင့်ပြုချက်ရရှိထားသည့် ဧရိယာအတွင်း အကောင်အထည် မဖော်နိုင်သည့် မြေနေ ရာများအား ဒေသခံများထံ ပြန်လည်ပေးအပ်ရန်နှင့် လျော်ကြေးပေးရန်တို့အပြင် သစ်ထုတ်လုပ်နေမှုများအား ဥပဒေအရ ထိရောက်စွာ အရေးယူပေးရန် ဒေသခံနှင့် လူမှုအဖွဲ့အစည်းများက လိုလားနေကြသည်။
ယင်းအခြေအနေများကြောင့် ပြီးခဲ့သည့် ဇူလိုင်လ ၂ရက်နေ့က မြိတ်မြို့တွင် ကျင်းပသည့် JMC-S အစည်းအဝေးတွင် တင်ပြမှု များ ရှိခဲ့သဖြင့် တနင်္သာရီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ကုမ္ပဏီ၏ စိုက်ပျိုးမြေများ ခုတ်ထွင်ရှင်းလင်းမှုကို ဒေသခံပြည်သူများနှင့် ညှိ နှိုင်းကာ ပြေလည်မှု ရသည့်အချိန်အထိ ခေတ္တရပ်ဆိုင်းရန် ဇူလိုင်လ ၃ရက် နေ့စွဲဖြင့် အကြောင်းကြားမှုများရှိခဲ့ကြောင်း သိရ သည်။
တနင်္သာရီတိုင်းဒေသကြီး JMC-S အဖွဲ့ဝင် စဧရာဝင်းက “ကျနော်တို့ပြီးခဲ့တဲ့ JMC-S ထီးခီးကိစ္စဆွေးနွေးတုန်းက တစ်ခါတည်း တင်ပြလိုက်တာပါ။ အခု အဲဒီ စီမံကိန်းကို ရပ်နားထားဖို့ မြို့နယ်အုပ်ချုပ်ရေးနဲ့ ရဲက အကြောင်းကြားစာထွက်သွားပြီ။ ပြီးတော့ အရင်က ဒေသခံတွေ သွားလာခွင့်ကို ပိတ်ထားတဲ့ဂိတ်ကိုလည်း ဖွင့်ခိုင်းလိုက်ပြီ”ဟု ကေအိုင်စီသို့ ပြောသည်။
မလေးရှားနိုင်ငံနှင့် ဖက်စပ်လုပ်ကိုင်သည့် MSPP ကုမ္ပဏီမှာ ၂၀၁၁ခုနှစ်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC) နှင့် နေပြည်တော်မှ ခွင့်ပြုချက်အရ မြေဧက ၄၂၂၀၀ လုပ်ကိုင်ခွင့် ရရှိထားခြင်းဖြစ်သည်။ ၂၀၁၂ခုနှစ်မှ စတင်ကာ အဆိုပါ မြေယာ များအပေါ် ခုတ်ထွင်ရှင်းလင်းမှုများ ပြုလုပ်ပြီး ဆီအုန်းပင်များ စိုက်ပျိုးလာရာ ယခု ဆီအုန်းစိုက်ပျိုးပြီး ဧက ၃၂၀၀ ရှိပြီးဖြစ် ကြောင်း သိရသည်။
တနင်္သာမြို့နယ်အတွင်းရှိ ဆီအုန်းစိုက်ပျိုးရေး စီမံကိန်းနယ်မြေများမှာ ကရင်အမျိုးသားအစည်းအရုံး KNU ဘိတ်-ထားဝယ်ခရိုင် အတွင်း ပါဝင်နေပြီး စီမံကိန်းကြောင့် ဖြစ်ပေါ်လာသည့် ဒေသခံများ၏ ထိခိုက်နစ်နာမှုများအတွက် ၂၀၁၄ခုနှစ်မှစတင်ကာ ဒေသခံများ၊ လူမှုအဖွဲ့အစည်းများမှ KNU နှင့် ယခင် တိုင်းဒေသကြီးအစိုးရထံ လက်မှတ်ရေးထိုးတင်ပြမှုများရှိခဲ့သော်လည်း ထူးခြားမှု မရှိခဲ့ကြောင်း သိရသည်။
စဖန်းရှောင်း (ကေအိုင်စီ)
http://kicnews.org
မလေးရှား ဆီအုန်းစိုက်ပျိုးမှု ရပ်ဆိုင်းရန် ညွှန်ကြားမှုကို စောင့်ကြည့်မည်ဟု တနင်္သာရီဒေသခံ လူမှုအဖွဲ့ ပြောဆို
Reviewed by THITHTOOLWIN
on
06:29
Rating: