![]() |
နိုင်ငံတော်သမ္မတ ဦးထင်ကျော် ၂၀၁၆ ခုနှစ် ၀န်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်အားပေး |
၂၀၁၆ ခုနှစ် အဋ္ဌမအကြိမ် ၀န်ကြီးဌာနပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ ညနေ(၃)နာရီတွင် နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိ အားကစား ပြိုင်ကွင်း၌ကျင်းပရာ နိုင်ငံတော်သမ္မတဦးထင်ကျော် တက်ရောက်အားပေးသည်။
ရှေးဦးစွာ နိုင်ငံတော်သမ္မတသည် ၀န်ကြီးဌာနပေါင်းစုံအမျိုးသား ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနအသင်းတို့၏ အကြိတ်အနယ် ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးသည်။
ပြိုင်ပွဲတွင်ကာကွယ်ရေးဝန်ကြီးဌာနအသင်းက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အသင်းကို ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။
ထို့နောက် ဆုပေးပွဲကိုကျင်းပရာ အကောင်းဆုံးဂိုးသမားဆုကို ကာကွယ်ရေးဝန်ကြီး ဌာနအသင်းမှ ထူးကိုကလည်းကောင်း၊ အကောင်းဆုံးနောက်တန်းဆုကို ပြန်ကြားရေး ၀န်ကြီးဌာနအသင်းမှ ဇင်ဘိုမင်းကလည်းကောင်း၊ အကောင်းဆုံးအလယ်တန်းဆုကို ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ ဇော်မျိုးလင်းကလည်းကောင်း၊ အကောင်းဆုံး ရှေ့တန်းဆုကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းမှ ကျော်လွင်ဦးက လည်းကောင်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဘောလုံးသမားဆုကို ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ အာကာစိုးကလည်းကောင်း အသီးသီးရရှိကြရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ငွေသားနှင့် တစ်ဦးချင်းဆုများကို ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် အသန့်ရှင်းဆုံးအသင်းဆုရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာနအသင်း အား ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က လည်းကောင်း၊ တတိယဆုရရှိသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနအသင်းအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လည်းကောင်း၊ ဒုတိယဆုရရှိသည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းအား ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက လည်းကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ပထမဆုရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းအား ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းက တစ်ဦးချင်းဆုနှင့် ငွေသားဆုများကို လည်းကောင်း၊ တံခွန်စိုက်ဒိုင်းဆုကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
ဘောလုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတ၏ ဇနီးဒေါ်စုစုလွင်၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ ၀န်ထမ်း မိသားစုများနှင့် အားကစားဝါသနာရှင်များး တက်ရောက်အားပေးကြသည်။
Myanmar President Office
https://www.facebook.com/myanmarpresidentoffice.gov.mm
နိုင်ငံတော်သမ္မတနှင့် ကာချုပ်တို့ ဘောလုံးပွဲ အတူကြည့်ရှု အားပေး
Reviewed by THITHTOOLWIN
on
22:46
Rating:
