ငြိမ်းချမ်းရေးညီလာခံကျင်းပရေး မူဘောင်ဆွေးနွေးပွဲ UNFC တက်မယ်

၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်တဲ့အဖွဲ့နဲ့ UNFC က နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့တို့ ဇွန်လ ၃ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးစဉ်။ Photo: Aung Moe Myin/RFA
၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း ခေါင်းဆောင်တဲ့အဖွဲ့က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေအနေနဲ့ ညီလာခံကျင်းပရေး မူဘောင်ဆွေးနွေးပွဲ တက်ရောက်ဖို့ ဖိတ်ခေါ်ခဲ့တာကို သဘောတူလက်ခံကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ဒီနေ့ ထုတ်ပြန်ပြောဆိုပါတယ်။

ဒါ့အပြင်၂၁ ရာစု ပင်လုံညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ဖို့ အတွက် အစိုးရနဲ့တပ်မတော်က လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ရပ်တန့်ပြီး တစ်တိုင်းပြည်လုံးစစ်ရပ်စဲရေးကြေငြာပေးဖို့ UNFC က တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ဒေါက်တာ တင်မျိုးဝင်း ခေါင်းဆောင်တဲ့အဖွဲ့နဲ့ UNFC ကဖွဲ့စည်းထားတဲ့ DPN ခေါ်  နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့တို့ မနေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်တဲ့ဆွေးနွေးပွဲမှာ အခုလို တောင်းဆိုခဲ့တာဖြစ်ကြောင်း DPN အဖွဲ့ ခေါင်းဆောင်တဦး ဖြစ်တဲ့ ဗိုလ်ချုပ်စိုင်းထူးက ပြောပါတယ်။

"ကြိုဆိုပါတယ်ခင်ဗျ၊ ကျနော်တို့ သူတို့ဖိတ်တဲ့အတွက် ကြိုဆိုပါတယ်ခင်ဗျာ၊ ဒါပေမဲ့ ကျနော်တို့ တောင်းဆို ထားတာတွေရှိတယ်လေ၊ ကျနော်တို့က ပင်လုံညီလာခံ ၂၁ ရာစု တက်မယ်ကိစ္စကို ကျနော်တို့တောင်းချင် တာကတော့ ဖြစ်သွားစေချင်တယ်၊ နိုင်ငံရေးဆွေးနွေးနိုင်အောင်အတွက်ကို တစ်တိုင်းပြည်လုံးအဆင့် လုပ်ပေးပါလို့ ကျနော်တို့ တောင်းဆိုထားတာဖြစ်တယ်ခင်ဗျ၊ တစ်တိုင်းပြည်လုံးအဆင့်လုပ်ပေးပါလို့ အဲ့ဒါသူတို့လည်း ချက်ချင်းအဖြေမပေးပဲနဲ့ ကျနော်တို့ အစိုးရကို တင်ပြပေးမယ်လို့ပြောထားတယ်ခင်ဗျ"

အဲ့ဒီတောင်းဆိုချက်ကို အစိုးရအဖွဲ့ထံ တင်ပြပေးမယ်လို့ ဒေါက်တာ တင်မျိုးဝင်းက ကတိပေးခဲ့တယ် လို့လည်း ဗိုလ်ချုပ်စိုင်းထူးက ပြောပါတယ်။

ဒါ့အပြင် တပ်မတော်က လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီးနောက်မှသာ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်ဆွေးနွေးနိုင်တယ်လို့ ပြောဆိုထားခဲ့တဲ့ MNDAA ကိုးကန့်အဖွဲ့၊ AA ရခိုင့်တပ်မတော်နဲ့ TNLA တအာင်း ပလောင် အဖွဲ့တွေ ပင်လုံညီလာခံတက်ရောက်နိုင်ရေ့းအတွက် နည်းလမ်းရှာဖွေသွားမှာဖြစ်ကြောင်း ဒေါက်တာ တင်မျိုးဝင်းက ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ဇူလိုင်လ ဒါမှမဟုတ် သြဂုတ်လအတွင်း စတင်ကျင်းပနိုင်ဖို့ လမ်းညွှန်ထားပါတယ်။

RFA Burmese
http://www.rfa.org/burmese
ငြိမ်းချမ်းရေးညီလာခံကျင်းပရေး မူဘောင်ဆွေးနွေးပွဲ UNFC တက်မယ်  ငြိမ်းချမ်းရေးညီလာခံကျင်းပရေး မူဘောင်ဆွေးနွေးပွဲ UNFC တက်မယ် Reviewed by THITHTOOLWIN on 20:36 Rating: 5
Powered by Blogger.