ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မှ ခန့်အပ်ရမည့် ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီဝင်လေးဦးကို မေလ ၃၁ ရက်တွင် ရွေးချယ်၍ ဇွန်လ ၁ ရက်က စတင်ကာ ခန့်အပ်တော့မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
ယခင်အစိုးရ လက်ထက်တွင် ခန့်အပ်ခဲ့သော အစိုးရခန့် ကော်မတီဝင်လေး ဦးကို တာဝန်မှ ရပ်နားခဲ့ပြီးနောက် ယင်းနေရာတွင် လက်ရှိအစိုးရအနေဖြင့် ကော်မတီဝင်အဖြစ် လျာထားသူ စုစုပေါင်း ၁၀ ဦးခန့်အနက်မှ လေးဦး ရွေးချယ်အဆိုပြု ကာ ရွေးချယ်အတည်ပြုခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
ရွေးချယ်ထားသော ကော်မတီဝင်များမှာ အတွင်းရေးမှုးအဖြစ် ဒေါ်လှိုင်မော်ဦး၊ တွဲဖက်အတွင်းရေးမှုးအဖြစ်ဦးသန်း၊ ကော်မတီဝင်အဖြစ် ဒေါ်မေမေသွင်နှင့် စာရေးဆရာမဒေါ်သန်းမြင့်အောင်တို့ အား ကော်မတီဝင်တစ်ဦးအတွက် တစ်လလျှင် ငွေကျပ် ၇ သိန်းနှုန်းထားဖြင့်တာဝန် ပေးခန့်အပ်လိုက်ပြီဖြစ်ကြောင်း သိရ သည်။
““မနက်ဖြန် (ဇွန်လ ၁ ရက်) ကစပြီး တော့ တာဝန်ထမ်းဆောင်ကြရမှာပါ””ဟု တွဲဖက်အတွင်းရေးမှူးတာဝန်ပေးခြင်းခံရသူ ဦးသန်းက ပြည်မြန်မာနေ့စဉ် သတင်းစာကို ပြောသည်။
ယခင်အစိုးရလက်ထက်တွင် ကော်မတီဝင်(၇) အဖြစ် တာဝန်ထမ်းဆောင်ခဲ့ ဖူးသူ ဦးခင်လှိုင်က အစိုးရခန့်အပ်သည့် ကော်မတီဝင်များနှင့် ပြည်သူရွေးချယ်သော ကော်မတီဝင်များကို တစ်ပြိုင်တည်း ပြန်လည်ခန့်အပ်ရမည်ဖြစ်ကြောင်း ပြီးခဲ့သည့် မေလ ၁၉ ရက်က ရန်ကုန်မြို့ နဂါးနီရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ကော်မတီဝင် အတွင်းရေးမှူးအဖြစ် ရွေးချယ်ခန့်အပ်ခံရသည့် ဒေါ်လှိုင်မော် ဦးအားရုရှားနိုင်ငံ မော်စကိုမြို့တွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်။ ပြည်ပနိုင်ငံများတွင် ဘွဲ့လွန်ပညာများ ရရှိထားသူ ဖြစ်သည့်အပြင် ပြည်သူ့ဆောက်လုပ်ရေး အဆောက်အအုံဌာန ညွှန်ကြားရေးမှူးအ ဖြစ်လည်းကောင်း၊ အင်ဂျင်နီယာမှူးကြီး(ဗိသုကာ) အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံ ဗိသုကာပညာရှင်များအသင်း ဒုဥက္ကဋ္ဌအဖြစ် လည်းကောင်း စသည်ဖြင့် တာဝန်ယူ ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။
တွဲဖက်အတွင်းရေးမှူး ဦးသန်းသည် ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ၏ မြို့ပြမြေယာ ကိစ္စများအတွက် အကြံပေး လုပ်ဆောင်ခဲ့သူဖြစ်ပြီး ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနတွင် ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း၊ က၀မြို့ မြို့နယ်ကောင်စီဝင် အဖြစ်လည်း ကောင်း တာဝန်ယူခဲ့ဖူးသူ ဖြစ်ကြောင်း သိရသည်။
ကော်မတီဝင် ဒေါ်မေမေသွင်သည် ဆည်မြောင်း ၀န်ကြီးဌာနတွင် ဒုညွှန်မှူး အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး BE ( မြို့ပြ) ပညာဘွဲ့ရရှိထားသူ ဖြစ်ကြောင်း၊ ကော်မတီဝင် စာရေးဆရာမ ဒေါ်သန်းမြင့်အောင်သည် နာရေးကူညီမှုအသင်းတွင် လုပ်ကိုင်နေသော ပရဟိတ သမားတစ်ဦးဖြစ်ပြီး အမျိုးသားစာပေဆု၊ မေတ္တာရှင် စံပြပရဟိတဆု၊ ပြည်သူ့ဂုဏ်ရည်ဆုများ စသည်တို့ကို ရရှိထားသူ ဖြစ်ကြောင်း သိရသည်။
မေငယ်
၁-၆-၂၀၁၆ ရက်ထုတ် ပြည်မြန်မာသတင်းစာမှ
https://www.facebook.com/pyimyanmarnews
ရန်ကုန်စည်ပင်အတွက် ကော်မတီဝင်လေးဦးကို တိုင်းဒေသကြီးအစိုးရ ခန့်အပ်ပြီ
Reviewed by THITHTOOLWIN
on
04:37
Rating: